မင်္ဂလာဆောင် ပကာသနတွေနဲ့ အပျော်အပါး တွေကို တရုတ်အစိုးရ နှိမ်နင်း

Bride and groom lying in a park

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, တရုတ်အစိုးရက ရိုးရှင်းတဲ့ မင်္ဂလာပွဲတွေ ပြန်ဖြစ်စေချင်
ရေးသားခဲ့သည်။

တရုတ်နိုင်ငံမှာ လက်ထပ်မင်္ဂလာပွဲလမ်းတွေ အကြီးအကျယ် ကျင်းပပြီး ပွဲအကြို စတန့်ထွင်တာတွေကလည်း လွန်ကဲပြီး လိင်ကိစ္စ နှိုးဆွတာတွေပါနေတဲ့အတွက် ထိန်းချုပ်ဖို့ အစိုးရက ကြိုးစားနေပါတယ်။

ခေတ်ပေါ် မင်္ဂလာပွဲတွေဟာ တအားခမ်းနားလွန်းပြီး တရုတ်ရိုးရာနဲ့ ဆိုရှယ်လစ် စံနှုန်းတွေနဲ့ လွဲချော်နေပြီလို့ တရုတ် အာဏာပိုင်တွေက ပြောပါတယ်။

ရိုးရာအရ ကျင်းပတဲ့ "ပွဲကြို" အခမ်းအနားတွေကလည်း ထိန်းမနိုင်သိမ်းမရ ဖြစ်တတ်တာကို တွေ့ရပါတယ်။

ဒါကို ပြန်တည့်မတ်ဖို့ ဆိုရင် ပိုပြီး ရိုးရာဆန်တဲ့ ရိုးစင်းတဲ့ ပုံစံနဲ့ မင်္ဂလာဆောင်တွေကို ပြန်ကန့်သတ်ပေးမှ ဖြစ်မယ်လို့ တရုတ်အစိုးရက ယူဆနေပါတယ်။

ငွေကို ဂရုမစိုက်ဘဲ လုပ်နေကြ

တခြားနိုင်ငံတွေမှာလိုပဲ တရုတ်ပြည်မှာလည်း အိမ်နီးချင်းတွေ မိတ်ဆွေသင်္ဂဟတွေနဲ့ မင်္ဂလာပွဲလမ်းမှာ ဂုဏ်တုဂုဏ်ပြိုင်လုပ်တာတွေ ပိုများလာပါတယ်။ ဒါကြောင့် မင်္ဂလာပွဲကြီးတွေမှာ ပုံအောသုံးတာတွေက ရေစီးကြောင်းလို ဖြစ်လာပါတယ်။

အကုန်အကျများတဲ့ ဧည့်ခံပွဲတွေ၊ ခန့်ညားလှပတဲ့ ဝတ်စုံတွေနဲ့ ပြည်ပကို ထွက်ပြီး မင်္ဂလာဓာတ်ပုံ ရိုက်တာတွေ ဒါတွေအကုန်လုံးကို ငွေကို ဂရုမစိုက်ဘဲ လုပ်နေကြတာ ဖြစ်ပါတယ်။

ပွဲလာ ပရိသတ်တွေကလည်း စျေးကြီးတဲ့ မင်္ဂလာလက်ဖွဲ့တွေ ချီးမြှင့်ကြရတာပါ။

A couple dressed in traditional Chinese costumes have wedding portraits made on Valentine's Day 14 February 2013 in Beijing, China.

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မင်္ဂလာပွဲတွေ ကုန်ကျစရိတ်နည်းပြီး ရိုးရာနဲအညီဖြစ်သင့်တယ်ဆို

ဒီအချိန်မှာပဲ သတို့သားသတို့သမီးတွေကို စတာနောက်တာတွေကလည်း လက်လွတ်စပယ်တွေ ဖြစ်နေပါတယ်။ တကယ်တော့ ဒါတွေက ပွဲမဝင်ခင်မှာ သူတို့ကို ပျော်ပျော်ရွှင်ရွှင်ဖြစ်အောင် စတဲ့သဘော လုပ်တာတွေပါ။

မင်္ဂလာပွဲလာပရိသတ်က သတို့သားသတို့သမီးတွေကို စတာထက် စော်ကားတဲ့ အဆင့်ရောက်အောင် လုပ်တာတွေ ဖြစ်နေတယ် ဆိုပြီး သတင်းတွေ ထွက်နေပါတယ်။

ပြီးခဲ့တဲ့အပတ်ကပဲ ပွဲမတိုင်ခင် ကြိုးတုပ်ပြီး ရိုက်မှာကို ရှောင်ပြေးတဲ့ သတို့သားတယောက် ကားတိုက်ခံခဲ့ရပါတယ်။

ဟိုအရင်တပတ်ကတော့ သတို့သားဘက်ကလူတွေက တံခါးကို ပုဆိန်နဲ့ ပေါက်ပြီး သတို့သမီးအိမ်ထဲ ဝင်ခဲ့လို့ သတို့သမီးအရံတွေ မှန်ကွဲစတွေ စင်ပြီး ဒဏ်ရာရခဲ့ကြပါတယ်။

A couple hug during feast at a wedding ceremony on 6 May 2006 in Nanchang of Jiangxi Province, China.

ဓာတ်ပုံ ရင်းမြစ်, China Photos

ဓာတ်ပုံ ပုံစာ, ရာနဲ့ချီတဲ့ ပရိသတ်တွေကို ခမ်းခမ်းနားနားကျွေးတဲ့ တရုတ်မင်္ဂလာဆောင်တွေ

သတို့သမီးတွေကို မဖွယ်မရာ ပုံစံတွေ အတင်းလုပ်ခိုင်းတာ၊ သတို့သမီးအရံတွေကို ထိကပါးရိကပါး လုပ်တဲ့အထိ ဖြစ်တာတွေ ရှိတယ်လို့လည်း သတင်းတွေ ဖြစ်ပါတယ်။

ဒါတွေအကုန်လုံးဟာ" ဇာချဲ့ပြီး အလဟဿ လေလွင့်တာ" တွေ ဖြစ်ပြီး ပိုမို "ရိုးစင်းတဲ့ အလယ်အလတ်ကျတဲ့" မင်္ဂလာပွဲတွေ ဖြစ်အောင် "လမ်းညွှန်ချက်" ရှင်းရှင်းလင်းလင်း ရှိသင့်တယ်ဆိုပြီး တရုတ် အရပ်ဘက် အုပ်ချုပ်ရေး ဝန်ကြီးဌာနက ပြစ်တင်ရှုတ်ချခဲ့ကြောင်း ဆင်ဟွာ သတင်းမှာ ပါရှိပါတယ်။

ပွဲလမ်းတွေအနေနဲ့ "ဆိုရှယ်လစ် စံတွေနဲ့ တရုတ်ရိုးရာ ယဉ်ကျေးမှုကို ပေါင်းစပ်ပေး" ပြီးတော့ "လူမှုရေစီးမှာ အနုတ်လက္ခဏာဆောင်တဲ့ စံနှုန်းလွဲချော်မှုတွေ" ကို တိုက်ဖျက်သင့်တယ်၊ လူ့အဖွဲ့အစည်းအတွက် စံနမူဖြစ်သင့်တယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့် တရုတ် အာဏာပိုင်တွေက "မင်္ဂလာဆောင် စည်းမျဉ်းတွေနဲ့ ပေးသင့်တဲ့ လက်ဖွဲ့ငွေပမာဏတွေကို ပြဋ္ဌာန်းပေးလိမ့်မယ်" လို့ ဝန်ကြီးဌာန အရာရှိတယောက်က ဒီဇင်ဘာလ ၂ ရက်က တရုတ်အစိုးရရုပ်သံနဲ့ မေးမြန်းခန်းမှာ ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ အစိုးရ စိတ်တိုင်းကျ ဖြစ်အောင် ပြည်သူတွေကို ထိန်းချုပ်ဖို့ ကြိုးစားတာမှာ ဒါက ပထမဆုံးအကြိမ် မဟုတ်တော့ပါဘူး။

၂ဝ၁၆ တုန်းကလည်း ပါတီရဲ့ ချွေတာရေးစိတ်ဓာတ်နဲ့အညီ မင်္ဂလာဆောင်ကို ဘယ်လိုဆင်နွှဲရမယ်ဆိုပြီး တရုတ်ကွန်မြူနစ်ပါတီက လမ်းညွှန်ချက် ထုတ်ခဲ့ဖူးပါတယ်။