ကျားသစ် နဲ့ ငယ်စဉ် ကတည်းက အတူ ကြီးပြင်း နေထိုင်ခဲ့

ဒီပုံကို အတုပါလို့

ဓာတ်ပုံ ရင်းမြစ်, Family handout

ဓာတ်ပုံ ပုံစာ, ကျားသစ် နဲ့ ဖက်ရိုက်ထားတဲ့ ပုံကြောင့် လူမှု ကွန်ရက်မှာ လူပြောများခဲ့
    • ရေးသားသူ, ဗင်နီးစီးယက်စ် လေးမို့စ်
    • ရာထူးတာဝန်, ဘီဘီစီ ဘရာဇီး
  • ရေးသားခဲ့သည်။

ရေအိုင် တခုထဲမှာ ကောင်လေး တယောက်ဟာ ကျားသစ် နှစ်ကောင် နဲ့ အတူ ရိုက် ထားတဲ့ ဓါတ်ပုံဟာ လူပြောသူပြော များခဲ့ပါတယ်။ ကျားသစ် တကောင် ဟာ ဆိုရင် ကောင်လေး ကို သူ့ရဲ့ လက်တွေ နဲ့တောင် ဖက်ထား လိုက်ပါသေးတယ်။

လူတွေကြားထဲမှာ ရေပန်းစားခဲ့တဲ့ ဒီပုံဟာ ပြန်လည် ပြုပြင် ထားတာများလား ဆိုပြီးတော့လည်း လူတွေက မေးခွန်း ထုတ်ခဲ့ကြပါတယ်။ ဒါပေယ့် အဲဒီပုံဟာ အစစ်အမှန် ပုံဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲ ထားတာ တခုမှ မရှိပါဘူး။

ဒီပုံထဲ က ကောင်လေး နာမည် က တီယာဂို ဆေဗဲရား လို့ ခေါ်ပါတယ်။ သူဟာ ဘရာဇီး နိုင်ငံက ဖြစ်ပြီး ငယ်စဉ် ကတည်းက ကျားသစ် တွေနဲ့ ထွေးလုံး သတ်ပုတ် ကစားခဲ့သူပါ။

"ဒီပုံဟာ အတုပါလို့ လူတွေက ပြောကြတယ်။ ဒါပေမယ့် အတော် များများ ကတော့ ကြိုက်ကြပြီး ကျားသစ် တွေနဲ့ တွေ့ချင်တယ်လို့ ပြောကြ ပါတယ်။ ကျွန်တော့်လောက် ကံမကောင်းကြတဲ့ လူတွေကို ကျွန်တော့် ရဲ့ အတွေ့ အကြုံတွေ ပြသခွင့်ရတာ ကောင်းပါတယ်" လို့ ၁၂ နှစ်သားလေး တီယာဂို က ဘီဘီစီ ဘရာဇီး ဌာနကို ပြန်ပြောပြ ပါတယ်။

မွေးကတည်း က ကျားသစ်တွေ နဲ့ အတူကြီးပြင်းခဲ့

တီယာဂို ရဲ့ မိခင်နဲ့ ဖခင် ဖြစ်သူ လန်ဒရို ဆေဗဲရား နဲ့ အေနာ ဂျာကိုမို တို့ ဟာ ဇီဝဗေဒ ပညာရှင် တွေ ဖြစ်ပြီး ဘရာဇီး ကျားသစ် စောင့်ရှောက်ရေး ဌာနမှာ အလုပ် လုပ်ကြပါတယ်။

သူတို့ က ဘရာဇီး Goias ပြည်နယ်မှာ အခြေချ ပြီးတော့ အမေရိကားတိုက်က ကျားသစ် မျိုးစိတ် တွေရဲ့ အပြုအမှု နဲ့ ပတ်သက်လို့ လေ့လာ နေကြတာလည်း ဖြစ်ပါတယ်။

သူ့သား ဖြစ်သူဟာ မွေးကင်းစ ကတည်း က ကျားသစ် တွေနဲ့ အကျွမ်းတဝင် နေလာတာ ဖြစ်ပြီး ကျားသစ် တွေရဲ့ အပြုအမှုကို ကောင်းကောင်းသိသလို ဘယ်လို့ တုံ့ပြန် ရမလဲ ဆိုတာကိုလည်း သိတယ်လို့ မိခင် ဖြစ်သူ အေနာ က ပြောပြပါတယ်။

ဒါဟာ သူတို့တွေရဲ့ ရင်းနှီးမှု သဘာဝလို့ ဆိုနိုင်ပေမယ့် အကန့်အသတ်တော့ ထားတယ်လို့လည်း အေနာ က ပြောပါတယ်။

တီယာဂို ကို မွေးတဲ့ အချိန်မှာ သူ့မိဘ တွေက ကျားသစ် ပေါက်လေးသုံးကောင်ကို ကြည့်ရှု စောင့်ရှောက်နေချိန်လည်း ဖြစ်ပါတယ်။ တီယာဂို ကိုရော ကျားသစ်လေးတွေကိုပါ အတူခေါ်ပြီး ခရီးတွေသွားခဲ့တယ်။ သူတို့အားလုံးကို အတူ နို့ဘူး တိုက်ကျွေး ခဲ့ပြီး ကားတစီးထဲမှာ အတူတူ ခရီးသွားခဲ့ကြပါတယ်။

နို့ဗူးစို့ဘက်တွေ

ဓာတ်ပုံ ရင်းမြစ်, Family handout

ဓာတ်ပုံ ပုံစာ, ကျားသစ် ပေါက် အချိန်ကတည်း က နို့တိုက်ကျွေး အတူကြီးပြင်းခဲ့

ကလေးက ကျားသစ်တွေနဲ့ အတူ နေထိုင် ကြီးပြင်းခဲ့ပြီး ကစားခွင့် ရတာကို ပျော်ရွှင် နေကြတယ်လို့ အေနာ က ပြောပါတယ်။

မိဘ တွေက တိရစ္ဆာန်တွေကို ချစ်ခင်ဖို့ လေးစား ဖို့ကိုလည်း သင်ကြား ပေးခဲ့ပြီး၊ သူတို့ရဲ့ ကျားသစ် စောင့်ရှောက်ရေး လုပ်ငန်းကို ဝင်ရောက် ကူညီ ခွင့် ရတာ ကိုလည်း သူ့ အနေနဲ့ ပျော်ရွှင်ကြောင်း တီယာဂို က ဆိုခဲ့ပါတယ်။

တခြားလူတွေ ကျားသစ်နဲ့ ရင်ဆိုင်တွေ့ရရင် ဘယ်လို ပြုမူရမလဲဆိုပြီး သင်ပေးတဲ့အတိုင်းပဲ သူ့သားကိုလည်း သင်ပေးခဲ့တယ်လို့ ဆေဗဲရား က ဆိုပါတယ်။

ဒီကျားသစ်တွေဟာ လူတွေကို သားကောင်အဖြစ် မမြင်ကြောင်းနဲ့ လူတွေရဲ့ အပြုအမူ ကို ပဲ သူတို့ က တုံ့ပြန်လေ့ ရှိတာလို့ သူက ထပ်လောင်း ပြောပြ ပါတယ်။

ကျားသစ်တွေကို တလေးတစား ရှိဖို့ နဲ့ သူတို့တွေဟာ အနားအကပ်မခံချင်ဘူး ဆိုရင် ကိုယ်ခန္ဓာ အမူအရာ နဲ့ ပြသလေ့ ရှိကြောင်း ဘရာဇီး ဇီဝဗေဒ ပညာရှင် က ပြောပါတယ်။

အရွယ်ရောက်ကျားသစ်တစ်ကောင်နဲ့ တီယာဂိုတို့ မိသားစု

ဓာတ်ပုံ ရင်းမြစ်, Alamy

ဓာတ်ပုံ ပုံစာ, ၁၂၃ ဧက ရှိတဲ့ ခြံမှာ ကျားသစ် ၁၄ ကောင်အတွက် နေရာပေးထား

စည်းကို သိဖို့လို

သူတို့ရဲ့ ကြားက ခြားနား မှုကို နားလည် ဖို့ ကလည်း အရေးကြီးတယ်လို့ ဘရာဇီး စုံတွဲ က ပြောပါတယ်။ ကျားသစ်တွေဟာ လူနားလာချင်ရင် လာလိမ့်မယ်၊ ဒါပေမယ့် သူတို့ဟာ သဘာဝအားဖြင့် လူနားကပ်နေလေ့ရှိတဲ့ သတ္တဝါတွေ မဟုတ်ဘူးလို့ ဆိုပါတယ်။ လူတွေနဲ့ ရင်းနှီးသွားရင်တော့ တစ်သက်လုံး အတူနေသွားတတ်တယ်လို့ သူတို့က ပြောပြ ကြပါတယ်။

ကျားသစ်တွေနဲ့ သူ့သားအကြားမှာ ဘာပြဿနာ မှ မရှိဘူးဆိုပေမယ့် ကျားသစ် တွေနဲ့ အတူ ကလေးကို တစ်ယောက်ထည်း ဘယ်တော့မှ မထားကြပါဘူး။ ကျားသစ်တွေနဲ့ ပတ်သက်လို့ ဘေးကင်း လုံခြုံရေး က ပထမ ဦးစားပေးဖြစ်တယ်လို့လည်း သူတို့ က ဆိုပါတယ်။

တီယာဂို၊ သူ့မိခင်နဲ့ ကျားသစ်ပေါက်လေး

ဓာတ်ပုံ ရင်းမြစ်, Family handout

ဓာတ်ပုံ ပုံစာ, မိဘတွေရဲ့ လုပ်ငန်းကို ကူညီပြီး ကြီးပြင်းမယ်လို့ တီယာဂို က ပြော

၂၀၀၂ ခုနှစ်မှာ ဆေဗဲရားနဲ့ ဂျကိုမို တို့ နှစ်ယောက် ဟာ ဧက တရာကျော် အကျယ်အဝန်း ရှိတဲ့ တိရိစ္ဆာန် စောင့်ရှောက်ရေး သဘာဝ ဘေးမဲ့တော ကို တည်ထောင် ထားကြတာ ဖြစ်ပါတယ်။

ကနဦး အစမှာ ကျားသစ် တွေကိုပဲ လေ့လာဖို့ ဆုံးဖြတ် ထားကြပေမယ့် ဘရာဇီး ပတ်ဝန်းကျင် နဲ့ သဘာဝ စွမ်းအင် ဦးစီး ဌာန က အကူအညီ တောင်းခံမှုကြောင့် မိဘမဲ့ သားရဲ တိရစ္ဆာန်တွေကို စောင့်ရှောက် ပေးနေကြတာပါ။

အခုတော့ သူတို့ ရဲ့ ခြံတဝက် ကျော်ဟာ တိရစ္ဆာန် ပြုစု စောင့်ရှောက် ရေး လုပ်ငန်းနဲ့ ပြည့်နေခဲ့ပါပြီ။ သူတို့ရဲ့ စောင့်ရှောက်ရေး လုပ်ငန်း ရဲ့ ၉၅ ရာခိုင်နှုန်း ကို ကိုယ်ပိုင် ပိုက်ဆံ နဲ့ လုပ်ကိုင် ဆောင်ရွက် ခဲ့ပြီး။ ကျန်တဲ့ ၅ ရာခိုင်နှုန်း ကတော့ အလှူငွေ တွေနဲ့ ရပ်တည်နေတာ လို့ ဆိုကြပါတယ်။

ကျားသစ်ကလည်း မိသားစုဝင်တစ်ယောက်ဖြစ်နေပါပြီ။

ဓာတ်ပုံ ရင်းမြစ်, Family album

ဓာတ်ပုံ ပုံစာ, ဆယ်စုနှစ် အတွင်းမှာ ကျားသစ်ပေါင်း ၃၅ ကောင်ကို မွေးမြူခဲ့

ဆယ်စုနှစ် တခု အတွင်းမှာ သူတို့ မိသားစု ဟာ တိရိစ္ဆာန် ၃၅ ကောင် ကျော် ကို စောင့်ရှောက် ခဲ့ပြီး၊ လောလောဆယ်မှာ တော့ အရွယ်ရောက်ပြီးသား ကျားသစ် ၈ ကောင်နဲ့ ကျားသစ်ပေါက် ၆ ကောင်ကို ပြုစု စောင့်ရှောက် နေပါတယ်။

ကျားသစ် အချို့ကိုလည်း တခြား တိရိစ္တာန်ရုံတွေကို ပေးပို့လှူဒန်း ခဲ့ပြီး ကျားသစ် မျိုးစိတ် ပြန့်ပွားရေး အတွက် ကူညီ ခဲ့ကြပါတယ်။ ကျားသစ် မျိုးစိတ် ဟာ မျိုးတုံး ပျောက်ကွယ် တော့မယ် အန္တရာယ် နဲ့ ရင်ဆိုင် ကြုံတွေ့ နေရကြောင်း နိုင်ငံတကာ သဘာဝ တောရိုင်း တိရိစ္ဆာန်များ ကာကွယ် စောင့်ရှောက်ရေး အဖွဲ့ကြီး က ပြောဆို ထားပါတယ်။

ကမ္ဘာပေါ် က နိုင်ငံပေါင်း ၂၁ နိုင်ငံမှာ ကျားသစ် မျိုးစိတ် မျိုးကွဲ စုစုပေါင်း နှစ်သောင်း ကနေ သုံးသောင်း အကြား နေထိုင် ကြပြီး အဲဒီ အထဲ က ထက်ဝက် လောက်ဟာ ဘရာဇီး နိုင်ငံမှာ ရှိတယ်လို့ အဲဒီ အဖွဲ့ကြီးက ထုတ်ပြန်တဲ့ စာရင်းတွေ အရ သိရပါတယ်။

တီယာဂိုနဲ့ မိဘမဲ့သွားတဲ့ ကျားသစ်လေးတစ်ကောင်

ဓာတ်ပုံ ရင်းမြစ်, Family handout

ဓာတ်ပုံ ပုံစာ, ဘရာဇီး လယ်သမား တွေရဲ့ သတ်ဖြတ်မှုကြောင့် မိဘမဲ့ ဖြစ်ခဲ့ကြတဲ့ ကျားသစ် တွေကို တီယာဂို တို့ က စောင့်ရှောက်ပေးထား