ထိုင်းမှာ ၂၀၁၄ ခုနှစ်က စစ်အာဏာ သိမ်းပြီးတဲ့နောက် ပထမဆုံး ရွေးကောက်ပွဲတွေ ကျင်းပပေးတော့မယ်

ရွေးကောက်ပွဲ ကျင်းပပေးဖို့တောင်းဆိုနေသူများ (ဒီဇင်ဘာ ၇ ရက် ၂၀၁၈)

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ဒီမိုကရေစီတောင်းဆိုသူတွေဘက်ကလည်း ရွေးကောက်ပွဲတွေ မလုပ်ပေးတဲ့ အပေါ် ကန့်ကွက်နေခဲ့ကြပါတယ်။
ရေးသားခဲ့သည်။

ထိုင်းအစိုးရက ရွေးကောက်ပွဲတွေကို ၂၀၁၉ ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့မှာ ကျင်းပပေးမယ်လို့ ကြေညာပြီး နိုင်ငံရေးပါတီတွေအနေနဲ့ မဲဆွယ်လှုပ်ရှားမှုတွေ စလုပ်နိုင်ပြီလို့ ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့ လေးနှစ် ၂၀၁၄ ခုနှစ်က စစ်တပ်က အရပ်သားအစိုးရကို ဖြုတ်ချ အာဏာသိမ်းခဲ့အပြီးမှာ နိုင်ငံရေးပါတီတွေရဲ့ စည်းရုံးလှုပ်ရှားမှုတွေကို ကန့်သတ်တားမြစ်ထားခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်ကတော့ ထိုင်းနိုင်ငံမှာ ဒီမိုကရေစီပြန်ထွန်းကားအောင် လုပ်ပေးဖို့ အမြဲရည်ရွယ်ထားပါတယ်လို့ ပြောတတ်ပါတယ်။

ဒါပေမယ့် ရွေးကောက်ပွဲတွေ လုပ်ပေးမယ့်ရက်ကိုတော့ အကြိမ်ကြိမ် ရွှေ့ဆိုင်းခဲ့ပါတယ်။

စစ်တပ်ဟာ ဝန်ကြီးချုပ် ယင်လတ်ရှင်နာဝပ်ဦးဆောင်တဲ့ အစိုးရကို ဖြုတ်ချပြီး အာဏာယူခဲ့တာပါ။ ယင်လတ်ရဲ့ ဖူအာ့ထိုင်းပါတီဟာ အဲဒီအချိန်က လူထုအကြား ရေပန်းစားလူကြိုက်များနေတဲ့ နိုင်ငံရေးပါတီ ဖြစ်ပါတယ်။

အဲဒီအချိန်ကတော့ စစ်တပ်က ထိုင်းနိုင်ငံအတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေ လပေါင်းများစွာ ဆက်တိုက်ဖြစ်နေခဲ့ပြီး တစ်ခါတလေ အကြမ်းဖက်မှုတွေ ဖြစ်လာတာကို ရပ်တန့်သွားအောင်နဲ့ တည်ငြိမ်မှု ပြန်ရအောင် အာဏာကို ထိန်းသိမ်းလိုက်ရတာလို့ ပြောခဲ့ပါတယ်။

အာဏာသိမ်းအစိုးရက အခြေခံဥပဒေအသစ်တစ်ခုကို ရေးဆွဲခဲ့ပြီး ရွေးကောက်ပွဲစနစ်ကိုလည်း ပြင်ခဲ့ပါတယ်။ အဲဒီအပြောင်းအလဲတွေကို ၂၀၁၇ နှစ်မှာ လူထုဆန္ဒခံယူပွဲလုပ်ပြီး အတည်ပြုခဲ့ပါတယ်။

အခြေခံဥပဒေသစ်အရ စစ်တပ်ဟာ ရွေးကောက်ပွဲတွေ အပြီးမှာလည်း ထိုင်းနိုင်ငံရေးမှာ အရေးပါတဲ့ အင်အားစုတစ်ခုအဖြစ် ဆက်ရှိသွားမှာ ဖြစ်ပါတယ်။ စစ်တပ်က အထက်လွှတ်တော်အမတ်တွေကို ခန့်အပ်နိုင်ပြီး အထက်လွှတ်တော်က နောင်တက်လာမယ့် ဝန်ကြီးချုပ်သစ်ကို ရွေးချယ်နိုင်မှာပါ။

စစ်အာဏာသိမ်းထားတဲ့ ကာလမှာ နိုင်ငံရေးပါတီတွေရဲ့ လှုပ်ရှားမှုတွေကို ပိတ်ပင်ထားပြီး လူ ငါးဦးထက်ပိုတဲ့ စုဝေးမှုတွေကိုလည်းတားမြစ်ထားပါတယ်။ ဒီနည်းနဲ့ ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေမှာ တွေ့ခဲ့ရတတ်တဲ့ လူထုစုဝေးပြီး အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲကြီးတွေ ဖြစ်မလာအောင် တားဆီးထားလိုက်တာပါ။

အခုတော့ ရွေးကာက်ပွဲတွေ ကျင်းပတော့မယ့်ရက် သတ်မှတ်ပေးလိုက်တာနဲ့အတူ ပါတီတွေဟာ သူတို့ရဲ့ မူဝါဒတွေကို လူထုကို ချပြခွင့်ရှိရမယ်လို့ အစိုးရက ဆိုပါတယ်။ ဒါကြောင့်ပဲ အဲဒီလို လှုပ်ရှားခွင့်ကို ကန့်သတ် ပိတ်ပင်ထားတဲ့ ဥပဒေတွေကိုလည်း ပြင်ဆင် ပယ်ဖျက်ပေးဖို့ ဆုံးဖြတ်ထားတယ်လို့ ကြေညာခဲ့ပါတယ်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ရာထူးက ဖြုတ်ချဖယ်ရှားခံလိုက်တရတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ဟာ ထိုင်းပြည်သူတွေကြားမှာတော့ သြဇာရှိဆဲ

ထိုင်းနိုင်ငံမှာ သက်ဦးဆံပိုင် ဘုရင်စနစ်ကို ဖျက်သိမ်းပြီး အခြေခံဥပဒေကို ပြဌာန်းခဲ့တဲ့ ၁၉၃၂ ခုနှစ်က စပြီးကြည့်ရင် စစ်ဆပ်က နိုင်ငံရေးမှာ အကြိမ်ကြိမ် ဝင်စွက်ခဲ့တဲ့ အစဉ်အလာ သမိုင်းကြောင်း ရှိခဲ့ပါတယ်။ အဲဒီကာလအတွင်း ၁၂ ကြိမ်တောင် အာဏာ သိမ်းခဲ့တာပါ။

နောင်လုပ်မယ့် ရွေးကောက်ပွဲတွေပြီးရင်တော့ စစ်တပ်က နိုင်ငံရေးဘက် ဝင်မစွက်တော့ဘူးလို့ ကတိပြုထားပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲတွေ လုပ်ပေးမယ်ဆိုတဲ့ ရက်ကိုတောင် အကြိမ်ကြိမ် ရွှေ့ဆိုင်းနေခဲ့တာ ဖြစ်ပါတယ်။ ဘန်ကောက်က ဘီဘီစီသတင်းထောက် ဂျိုနသန်ဟက်ကတော့ အခု စစ်တပ်က ဦးစီးရေးဆွဲထားတဲ့ ရွေးကောက်ပွဲ စနစ်သစ်ဟာ နိုင်ငံတွင်းမှာ နှစ်ပေါင်း ၂၀ လောက် အားအကောင်းဆုံးဖြစ်ခဲ့တဲ့ ဖူအာ့ထိုင်းပါတီကို အသာမရနိုင်အောင် ရေးဆွဲထားတယ်လို့ သုံးသပ်ပါတယ်။

ဖူအာ့ထိုင်းပါတီဟာ လာဘ်စားမှုစွဲချက်တွေနဲ့ နိုင်ငံအတွင်းက တိမ်းရှောင် ထွက်ပြေးနေရတဲ့ ပါတီခေါင်းဆောင်ဟောင်း၊ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်နဲ့ အခုအထိ နီးနီးစပ်စပ်ဆက်နွယ်မှု ရှိနေဆဲဖြစ်ပါတယ်။အခုရွေးကောက်ပွဲတွေမှာ ဖူအာ့ထိုင်းပါတီ ဘယ်လောက် အခြေအနေကောင်းမလဲ ဆိုတာကတော့ စစ်အစိုးရလက်ထက်မှာ လူထုထောက်ခံမှုကို ဘယ်လောက်အထိ ဆက်ထိန်းထားနိုင်ခဲ့သလဲဆိုတဲ့ အပေါ် မူတည်ပါလိမ့်မယ်လို့ ဂျိုနသန်ဟက်က ဆိုပါတယ်။

ရွေးကောက်ပွဲမှာ အခြအနေကောင်းရင်တော့ စစ်တပ်က ဆန့်ကျင်နေမယ့်ကြားကပဲ ဖူအာ့ထိုင်းပါတီက အစိုးရဖွဲ့ဖြစ် ဖွဲ့နိုင်အောင် ကြိုးစားသွားပါလိမ့်မယ်။

ဗီဒီယို ပုံစာ, ထိုင်း အိမ်ခြံမြေစျေးကွက် ဦးမော့လာပြီလား