ထွက်သွားတဲ့ ဘုရင်နေရာအတွက် မလေးရှား ဘုရင်သစ် ဒီလထဲတင်မြှောက်မယ်

malaysia

ဓာတ်ပုံ ရင်းမြစ်, AHMAD YUSNI

ဓာတ်ပုံ ပုံစာ, နုတ်ထွက်သွားတဲ့ မလေးရှား ဘုရင် ပဉ္စမမြောက် မူဟာမက်
ရေးသားခဲ့သည်။

မလေးရှား ဘုရင်သစ်ကို ဒီလထဲ ရွေးချယ် တင်မြှောက်မယ်လို့ နန်းတော် အရာရှိတွေက ပြောကြား လိုက်ပါတယ်။ ရုရှား အလှမယ်ဟောင်းနဲ့ လက်ထပ်တယ် ဆိုတဲ့ သတင်းတွေ ထွက်လာပြီးနောက် လက်ရှိဘုရင် ပဉ္စမမြောက် မူဟာမက်ဟာ မလေးရှား ထီးနန်းကနေ ပထမဆုံး နုတ်ထွက်သွားတဲ့ ဘုရင် ဖြစ်လာပါတယ်။

ဆေးကုမယ် အကြောင်းပြပြီး မော်စကိုမယ်ဟောင်းနဲ့ လက်ထပ်တယ် ဆိုတဲ့ သတင်းတွေ ဒီလပိုင်းအတွင်း ပေါ်ထွက်နေခဲ့တာပါ။ ဒါတွေနဲ့ ပတ်သက်ပြီး ဘုရင့်အနာဂတ် ဘယ်လိုဖြစ်လာမလဲ ပြောဆိုနေကြချိန်မှာ ၄၉ နှစ်အရွယ် မလေးရှား ဘုရင် ဇန်နဝါရီလ ၆ ရက်နေ့က နန်းကဆင်းပေးလိုက်တာ ဖြစ်ပါတယ်။

ဒီသတင်းကြောင့် နိုင်ငံမှာ တုန်လှုပ်သွားခဲ့ပြီးနောက် မလေးရှား စော်ဘွားမိသားစုတွေ နန်းတော်မှာ တွေ့ဆုံပြီး မူဟာမက်ရဲ့ နေရာကို ဆက်ခံဖို့ ဘုရင်ရွေးဖို့ စီစဉ်နေကြပါတယ်။

နန်းသက် နှစ်နှစ်ထဲနဲ့ မူဟာမက် နုတ်ထွက်သွားတာပါ။

ဇန်နဝါရီလ ၂၄ ရက်မှာ ဘုရင်နဲ့ လက်ထောက်ကို ရွေးချယ်ပြီး ဇန်နဝါရီ ၃၁ မှာ နန်းတင်မယ်လို့ နန်းတော်စောင့် အရာရှိတွေက ပြောကြားပါတယ်။

malaysia

ဓာတ်ပုံ ရင်းမြစ်, AHMAD YUSNI

ဓာတ်ပုံ ပုံစာ, မလေးရှား ဘုရင့်နန်းတော်မုခ်ဦး

မလေးရှား ဘုရင်သစ် ကျမ်းကျိန်ပွဲမှာ အစောင့်ဂုဏ်ပြုတပ်တွေ ၊ အစ္စလာမ်ဘာသာရေး ဝတ်ပြုပွဲတွေနဲ့ ရာနဲ့ချီတဲ့ ဧည့်သည်တော်တွေ တက်ပြီး ခမ်းခမ်းနားနား ကျင်းပသွားဖို့ ရှိပါတယ်။

မွတ်ဆလင် အများစုနေတဲ့ မလေးရှားနိုင်ငံဟာ စည်းမျဉ်းခံ ဘုရင်စနစ်နဲ့ အုပ်ချုပ်တဲ့ နိုင်ငံပါ။ ငါးနှစ်တခါ စော်ဘွားနယ် ကိုးခုကနေ အလှည့်ကျ ဘုရင်တပါးစီ တင်မြှောက်ရပါတယ်။

ဗီဒီယို ပုံစာ, မလေးရှား ၀န်ကြီးချုပ်ဟောင်း နေအိမ်ကို ရဲက ဝင်ရောက်ရှာဖွေ

မလေးရှားမှာ ဘုရင်ရွေးပွဲ မတိုင်ခင်မှာ ဘယ်သူ့ကို ရွေးမယ်ဆိုတာ ကြိုတင်သိပြီး ဖြစ်လေ့ရှိပါတယ်။

အဆောင်အယောင် ရာထူးသာ ဖြစ်ပေမယ့် မလေးမွတ်ဆလင် အများစု အတွက် မလေးရှား ဘုရင်တွေကို ရိုသေလေးစားမှုက ကြီးပါတယ်။ ဘုရင်ကို ဝေဖန်တာတွေကိုလည်း ပြင်းပြင်းထန်ထန် တားမြစ်ထားပါတယ်။

malaysia

ဓာတ်ပုံ ရင်းမြစ်, ADEK BERRY

ဓာတ်ပုံ ပုံစာ, အသစ်တက်လာနိုင်တဲ့ စူလတန်ဘုရင်သစ် အာမက်ရှား

နောက်နန်းတက်ဖို့ ဆက်ခံမယ့်စာရင်းမှာ ရှိနေတဲ့ ပါဟန်းပြည်နယ်က စူလတန် စော်ဘွား အာမက်ရှားက အသက်ကြီးပြီး နေမကောင်း ဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒီအတွက် ဘုရင်အသစ် ရွေးပွဲက ထင်သလောက် မလွယ်သေးပါဘူး။

ပါဟန်းစော်ဘွားဟာ ဇန်နဝါရီလ ၇ ရက်က အစည်းအဝေးကို နေမကောင်းလို့ မတက်နိုင်ဘူးလို့လည်း မလေးရှားနန်းတော်က ပြောပါတယ်။

အဲဒီစော်ဘွားနောက်က နန်းတက်ဖို့ ရှိသူကတော့ တောင်ပိုင်းက ဂျဟိုးစော်ဘွားပါ။

malaysia

ဓာတ်ပုံ ရင်းမြစ်, MOHD RASFAN

ဓာတ်ပုံ ပုံစာ, ပါလီမန်သစ်ဖွင့်တဲ့နေ့က ဘုရင်နဲ့ မဟာသီယာ

လောလောဆယ်မှာ မြောက်ပိုင်း ပီရက်ပြည်နယ်က စော်ဘွား နာဇရင်ရှားက ယာယီနန်းထိန်း တာဝန်ယူထားပါတယ်။ လက်ရှိလည်း လက်ထောက်ဘုရင်တာဝန်ယူထားပြီး မူဟာမက် ဆေးကုသွားကတည်းက ဘုရင်တာဝန်တွေ ယူနေရတာ ဖြစ်ပါတယ်။

၁၉၅၇ မှာ မလေးယားကို ဗြိတိန်က လွတ်လပ်ရေး ပေးပြီးကတည်းက ဘုရင်စနစ်နဲ့ အုပ်ချုပ်လာတာ ဖြစ်ပါတယ်။

ဘုရင်နုတ်ထွက်သွားတဲ့အတွက် သူ့နယ် ကာလီမန်တန်က ပြည်သူတွေက အံ့သြနေကြပြီး ဒီဘုရင်က လူထုနဲ့ ရင်းနှီးတဲ့သူလို့ ဆိုကြပါတယ်။

မူဟာမက်ကို ပေါ့ပေါ့ပါးပါးနေတတ်ပြီး ကားအကြမ်းမောင်းတာနဲ့ အားကစားဝါသနာပါသူ အဖြစ် သိကြပါတယ်။

russia

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, မလေးရှားဘုရင်နဲ့ လက်ထပ်တယ်ဆိုတဲ့ ရုရှားအလှမယ်

ရုရှားမှာ မော်စကိုမယ်ဟောင်း အော့စာနာ ဗိုဗိုဒီနာနဲ့ ဘုရင်မူဟာမက် အကြီးအကျယ် လက်ထပ်ခဲ့တယ် ဆိုတဲ့ သတင်းတွေ ပြည်ပ မီဒီယာတွေမှာ မနှစ် နိုဝင်ဘာလက ပါလာပြီးနောက် မလေးရှားမှာ ရိုက်ခတ်လာပါတယ်။

ဒီသတင်းကို မလေးရှားနန်းတော်က မှတ်ချက်ပေးတာ မရှိသလို ဘာကြောင့် ဘုရင်ဆေးသွားကုတယ်ဆိုတာကိုလည်း မပြောဘဲ ထားပါတယ်။

ဒါပေမဲ့ ဒီလိုလက်ထပ်တယ် ဆိုတဲ့ကိစ္စကတော့ ရှေးရိုးဆန်တဲ့ မလေးရှား နန်းတွင်းအသိုင်းအဝိုင်းနဲ့ အဆင်မပြေလှပါဘူး။

မလေးရှား ဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်ကတော့ ဘုရင့်နုတ်ထွက်လွှာကို အစိုးရက လက်ခံတယ်လို့ ဆိုကြောင်း အစိုးရရဲ့ ဘာနားမား သတင်းအေဂျင်စီကနေ ထုတ်ပြန်ပါတယ်။

မဟာသီယာရဲ့ အရင် အစိုးရသက်တမ်းမှာတော့ နန်းတွင်းနဲ့ ဆက်ဆံရေး မပြေလည်လှဘဲ သူတို့သြဇာတွေ လျော့ကျအောင် မဟာသီယာက ကြိုးစားခဲ့ပါတယ်။

ဒီကိစ္စမှာ အစိုးရက ဘာမှမစွက်ဖက်ဘူး၊ မကြာခင်မှာ ဘုရင်အသစ် တင်နိုင်မယ် မျှော်လင့်တယ် လို့လည်း သူက ဆိုပါတယ်။

မနှစ် ဇွန်လက ရှေ့နေချုပ် နေရာကို မလေးမဟုတ်သူ လူနည်းစုထဲက တယောက်ကို ခန့်ဖို့ ကိစ္စမှာ အစိုးရနဲ့ နန်းတော်အကြား နှစ်ပတ်လောက် အငြင်းပွားခဲ့ကြပါတယ်။ ခန့်ပြီးနောက်မှာလည်း လူမျိုးရေး တင်းမာမှု ရှိခဲ့ပါတယ်။

ဘုရင်နေရာလစ်လပ်နေရင် လေးပတ်အတွင်း ဘုရင်အသစ် တင်မြှောက်ရပြီး စော်ဘွား ကိုးပါးပါတဲ့ ကောင်စီက ရွေးရတာဖြစ်ပါတယ်။