ပဲရစ် ၈ ထပ်တိုက်မီးလောင်လို့ လူ ၈ ဦး သေဆုံး

ပြင်သစ်နိုင်ငံ မြို့တော် ပဲရစ်ရဲ့ အနောင်တောင်ဘက်ပိုင်း ရပ်ကွက်မှာရှိတဲ့ ၈ ထပ်တိုက် တစ်လုံး မီးလောင်ခဲ့လို့ ကလေးတစ်ယောက် အပါအဝင် လူ ၈ ဦး သေဆုံး သွားပါတယ်။
မီးသတ်သမား ၆ ယောက် အပါအဝင် လူ အယောက် ၃ဝ နီးပါး လည်း ထိခိုက် ဒဏ်ရာ ရခဲ့ပြီး၊ တစ်ယောက်ဆိုရင် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိပါတယ်။
ပဲရစ်ရဲ့ အမှတ် ၁၆ အရပ်၊ စျေးကြီးတဲ့ ဆိုင်တွေရှိရာ အရပ်မှာ မီးလောင်မှု ဖြစ်ခဲ့တာပါ။
မီးတောက်တွေကြားကပဲ အဆောက်အဦပေါ်ကနေ လှေကားတွေ ထောင်ပြီး လူ အယောက် ၅ဝ ကို ကယ်ထုတ် ခဲ့ရပါတယ်။


ပဲရစ်မြို့တော် အစိုးရ ရှေ့နေက ဒီ မီးလောင်မှုဟာ ရှို့မီး ဖြစ်နိုင်တယ်လို့ ပြောနေပါတယ်။
သံသယရှိရတဲ့ အမျိုးသမီး တစ်ဦးကို ဖမ်းဆီးထားတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
အဲဒီ အမျိုးသမီးဟာ အခု မီးလောင်တဲ့ တိုက်မှာပဲ နေထိုင်သူ ဖြစ်ပြီး သူ့ကို ဖမ်းမိချိန်မှာ အရက်မူးနေတယ်လို့ ဆိုပါတယ်။
အခန်းနီးနားချင်း တစ်ယောက်နဲ့ ရန်ဖြစ်ရာက အခုလို မီးရှို့တဲ့ အထိ ဖြစ်ခဲ့တာဆိုပြီး ထွက်ဆိုထားတယ်လို့ ဆိုပါတယ်။
အဲဒီ အသက် ၄ဝ အရွယ် အမျိုးသမီးဟာ စိတ်ကျန်းမာရေး စောင့်ရှောက်မှု ခံယူဖူးသူ ဖြစ်တယ်လို့ အိုးအိမ်ဝန်ကြီး ဂျူလီယံ ဒီနော်မန်ဒီကလည်း ပြောပါတယ်။
မီးသတ်သမား အယောက် ၂၅ဝ ဝန်းကျင် အခင်းဖြစ်ရပ် ရောက်ရှိ ခဲ့ကြပြီး မီးလောင်မှုကို ၅ နာရီကြာ ကြိုးစား ငြိမ်းသတ်ခဲ့ရပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ် အနည်းငယ်တုန်းကလည်း ပဲရစ်မြို့လယ်က မုန့်ဆိုင်တစ်ခု မီးလောင်လို့ လူ ၄ ယောက် သေဆုံးခဲ့ရပါတယ်။













