၂ဝ၂ဝ အမေရိကန်သမ္မတရွေးပွဲမှာ ဟီလာရီ သမ္မတ အရွေးမခံတော့

ဓာတ်ပုံ ရင်းမြစ်, AFP
ဟီလာရီ ကလင်တန်က ၂ဝ၂ဝ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ထပ်ပြီး ဝင်အရွေးမခံတော့ဘူးလို့ ကြေညာ လိုက်ပါတယ်။
"ကျွန်မ ဝင်မပြိုင်ဘူး၊ ဒါပေမဲ့ ကျွန်မယုံကြည်ရာကိုတော့ ဆက်ပြီး လုပ်ကိုင် ပြောဆိုနေမှာ" လို့ မစ္စစ် ကလင်တန်က နယူးယော့ က ရုပ်သံတခုမှာ ပြောကြားခဲ့ပါတယ်။
၂ဝ၁၆ တုန်းက ဒီမိုကရက်ပါတီက ဝင်ပြိုင်ခဲ့တဲ့ မစ္စစ်ကလင်တန်ကို ပထမဆုံး အမေရိကန် အမျိုးသမီး သမ္မတ ဖြစ်လာမယ်လို့ မျှော်လင့်ခဲ့ကြဖူးပါတယ်။ ဒါပေမဲ့ မစ္စတာ ထရမ့်က သူ့ကို နိုင်သွားခဲ့တာပါ။
အနာဂတ်မှာ အစိုးရ ဌာနတွေအတွက် ဝင်ပြီး ယှဉ်ပြိုင်တာတွေ လုပ်ဦးမှာလားလို့ အမေရိကန် ရုပ်သံလိုင်းက သူ့ကို မေးတဲ့အခါ ဟီလာရီက အဲဒီလို မယူဆကြောင်း ပြန်ဖြေပါတယ်။
ဒီမေးမြန်းခန်းဟာ ၂ဝ၂ဝ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကလင်တန်ဘက်က ပထမဆုံး ဒီလို ထွက်ပြောတာ ဖြစ်ပါတယ်။
၂ဝ၂ဝ မှာ ဒီမိုကရက်ဘက်ကနေ ဝင်ပြိုင်ဖို့ ကြေညာထားသူ တချို့နဲ့ သူ စကားပြောထားတယ်လို့လည်း ဟီလာရီက ဆိုပါတယ်။ သိပ်မျှော်လင့်တွက်ချက်ပြီး ပိုင်ပြီထင်မထားဖို့ သူတို့အကုန်လုံးကို ပြောထားတယ် လို့လည်း ဆိုပါတယ်။
မစ္စစ်ကလင်တန်ဟာ အမေရိကန် သမိုင်းမှာ ပါတီကြီးတခုကနေ ပထမဆုံး ဝင်ပြိုင်တဲ့ အမျိုးသမီး သမ္မတလောင်း ဖြစ်ပါတယ်။ သူ ရာထူးနေရာရဖို့ သေချာသလောက်လို့ ယူဆကြပေမယ့် ဝေါလမ်းက သူဌေးတွေကို အားပြုလွန်းတယ်၊ လူငယ်တွေနဲ့ အလှမ်းကွာတယ် စတဲ့ စွပ်စွဲချက်တွေနဲ့ ချောက်တွန်းခံခဲ့ရပါတယ်။
သူ့ကို ထရမ့်က အညှာအတာမရှိ တွန်းတိုက်တာတွေ လုပ်ခဲ့ပါတယ်။ မဲဆွယ်ပွဲတွေမှာဆိုရင် သူ့ကို သော့ခတ်ပိတ်ထားဖို့ ထရမ့်က လူတွေကို ကြွေးကြော်ခိုင်းပါတယ်။
သူရှုံးနိမ့်မှုဟာ ဒီမိုကရက်ပါတီ အတွက် အသည်းအသန်ကာလတခု ရောက်ခဲ့ပါတယ်။ အခုဆိုရင် ဝင်ပြိုင်ဖို့ ကြေညာထားသူ ၁ဝ ယောက်ကျော် ရှိနေပြီး ပဏာမ ရွေးပွဲမှာ အများအပြား ဝင်ပြိုင်မယ့်ပုံ ရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
၂ဝ၂ဝ မှာ ဘယ်သူတွေ ပြိုင်မလဲ
ဗားမောင့် ပြည်နယ်က အထက်လွှတ်တော် အမတ်နဲ့ ၂ဝ၁၆ တုန်းက ဒီမိုကရက် သမ္မတလောင်း အဖြစ် ပဏာမ အရွေးခံခဲ့သူ ဘာနီဆန်းဒါး ဟာ ဒီမိုကရက် မှာ ဝင်ပြိုင်မယ့်သူတွေထဲ နောက်ဆုံးပိတ် ထွက်ပေါ်လာသူ ဖြစ်ပါတယ်။ မစ္စတာ ဆန်းဒါးရဲ့ နာမည်ကြီးမှုနဲ့ ပါတီ လက်ဝဲလိုင်းသမားတွေကြား ထောက်ခံသူ ရှိမှုတွေကြောင့် သူ ရှေ့ရောက်လာမယ်လို့ ယူဆကြပါတယ်။
သူ့လိုပဲ ဝင်ပြိုင်ဖို့ ကြွေးကြော်ထားသူတွေထဲမှာ မက်ဆာချူးဆက်က အထက်လွှတ်တော် အမတ် အဲလစ္စဘက် ဝါရန်းနဲ့ နယူးဂျာဆီက ကိုရီ ဘွတ်ကာ၊ ကယ်လီဖိုးနီးယားက ကမာလာ ဟားရစ်တို့လို အမတ်တွေလည်း ပါပါတယ်။
နောက်ပြီး နယူးယော့က ဆီးနိတ်အမတ် ခရစ္စတန် ဂျီလီဘရန်း၊ မင်နီဆိုတာက အေမီ ကလိုဘူချာ၊ တက္ကဆက်က ဆန်အန်တိုနီယို မြို့တော်ဝန် ဂျူလီယံ ကက်စထရို၊ အင်ဒီယားနားက ဆောက်ဘန်း မြို့တော်ဝန် ပီထ် ဘူတာဂျိတို့လည်း သမ္မတ ရွေးခံမယ့်သူတွေထဲ ပါနေပါတယ်။ ဘူတာဂျိဆိုရင် ပထမဆုံး သမ္မတ ဝင်ပြိုင်မယ့် လိင်တူချစ်သူ ဖြစ်ပါတယ်။
တချို့ နာမည်ကြီးတွေကတော့ ဝင်ပြိုင်မပြိုင် မကြေညာသေးပါဘူး။ ဒုတိယသမ္မတဟောင်း ဂျိုးဘိုင်ဒန်ကလည်း ပြိုင်ဖို့ စဉ်းစားနေပါတယ်။ အမေရိကန်ထဲမှာ သူ့ကို အသိအမှတ်ပြုမှုက အများဆုံးလို ဖြစ်နေပြီး တခြားပြိုင်ဘက်တွေကို ကျော်လွှားပြီး မဲပေးပွဲမှာ ထိပ်က ရောက်လာနိုင်တယ်လို့ သုံးသပ်သူတွေက ဆိုနေကြပါတယ်။
တက္ကဆက်က ကွန်ဂရက် အောက်လွှတ်တော်အမတ်ဟောင်း ဘက်တာအိုရော့က်ကလည်း ဆီးနိတ် ရွေးကောက်ပွဲမှာ တဒ်ခရုဇ်ကို ကပ်လိုက်နိုင်ခဲ့လို့ နိုင်ငံသိ ဖြစ်သွားခဲ့ဖူးပါတယ်။ သူ့မှာလည်း ပရိသတ်တွေ များပြီး လှူမယ့်သူတွေကလည်း စောင့်နေပါတယ်။
အိုရော့က်က ပြည်နယ်ထဲက ကောင်တီနယ် ၂၅၄ ခုကို ကားနဲ့ပတ်နေစဉ်မှာ ဆီးနိတ် ရွေးကောက်ပွဲကို လူမှုကွန်ရက်ကနေ ဝင်ပြိုင်ခဲ့သူပါ။ ဒီအတွက် သန်းနဲ့ချီတဲ့ အလှူရှင်ကလေးတွေ အများကြီး သူ့အတွက် ပေါ်လာခဲ့ပါတယ်။

၂ဝ၂ဝ မှာ ထရမ့်နဲ့ ဘယ်သူပြိုင်မလဲ

ဟီလာရီက ဒေါ်နယ်ထရမ့်နဲ့ပြိုင်ပြီး ဒုတိယအကြိမ် ဝင်အရွေးမခံတော့ဘူး ဆိုလိုက်တဲ့အတွက် ဒီမိုကရက်ဘက်က ဘယ်သူ ဖြစ်လာမလဲ။













