ဘိုးရင်း ၇၃၇ မက်စ် ၈ ပျံသန်းမှု လုံးဝ မလုပ်ဖို့ ကမ္ဘာ့ ဆဋ္ဌမ အကြီးဆုံး လေဆိပ် ပိုင်ဆိုင် ထားတဲ့ စင်္ကာပူ ယာယီ တားမြစ်

ဓာတ်ပုံ ရင်းမြစ်, Reuters
စင်္ကာပူ လေကြောင်း ထိန်းသိမ်းရေး အာဏာပိုင် အဖွဲ့က ဘိုရင်း ၇၃၇ မက်စ် ၈ လေယာဉ် ပျံသန်းမှုတွေ ကို ယာယီ တားမြစ်ကြောင်း မတ်လ ၁၂ ရက်နေ့မှာ ထုတ်ပြန် ကြေညာ ပါတယ်။
ဒါဟာ အီသီယိုပီးယား လေကြောင်း လိုင်းက ခရီးသည်တင် လေယာဉ် ပျက်ကျ ပြီးနောက်မှာ အမျိုးအစားတူ လေယာဉ် တွေ ပျံသန်းနေမှု ကို တားမြစ် လိုက်တာပါ။
လွန်ခဲ့တဲ့ ငါးလ လောက်တုန်း ကလည်း အင်ဒိုနီးရှား က လိုင်းယွန်း လေကြောင်း လိုင်းက အမျိုးအစားတူ ခရီးသည်တင် လေယာဉ် ပျက်ကျမှု ဖြစ်ပွား ခဲ့တာ ကြောင့် ကြိုတင် ကာကွယ်တဲ့ အနေနဲ့ အခုလို တားမြစ် လိုက်တာ ဖြစ်ပါတယ်။
စင်္ကာပူ နိုင်ငံ က ချန်ဂီ လေဆိပ် ဟာ ကမ္ဘာမှာ ဆဋ္ဌမ မြောက် အကြီးဆုံး လေဆိပ် ကြီးလည်း ဖြစ်ပြီး အာရှ၊ ဥရောပ နဲ့ အမေရိကန် နိုင်ငံ တို့ ဆီကို ဆက်သွယ် ပျံသန်းနေတဲ့ လေကြောင်း လိုင်းတွေ ဆိုက်ရောက် ရာ လေဆိပ် ဖြစ်ပါတယ်။
စင်္ကာပူ ဟာ သူ့လေယာဉ် ကွင်းမှာ လာဆိုက်တဲ့ ဘိုရင်း ၇၃၇ မက်စ် ၈ အမျိုးအစားတွေကို ပျံသန်းခွင့် တားမြစ်တဲ့ ပထမဆုံး နိုင်ငံလည်း ဖြစ်ပါတယ်။
ဒါပေမယ့် အဲဒီ လေဆိပ်မှာ ပျံသန်း ဆိုက်ရောက် လာတဲ့ လေယာဉ် တွေ ထဲမှာမှ လေကြောင်းလိုင်း အနည်းငယ် ကပဲ ဘိုးရင်း ၇၃၇ မက်စ် ၈ အမျိုးအစား လေယာဉ် ကို အသုံးပြုကြတာ ဖြစ်ပါတယ်။
လေကြောင်းလိုင်း အတော်များများ ကလည်း အဆိုပါ လေယာဉ် အမျိုးအစားတွေ ပြေးဆွဲ နေမှု ကို ရပ်ဆိုင်း လိုက်ကြပါပြီ။ အမေရိကန် နိုင်ငံက လေကြောင်း ပျံသန်းမှု ထိန်းသိမ်းရေး ဗဟို အဖွဲ့ ကတော့ ဘိုရင်း ၇၃၇ မက်စ် ၈ အမျိုးအစား တွေဟာ အသုံးပြုဖို့ သင့်တော်ကြောင်း လေ ကြောင်း လိုင်းတွေကို ပြောဆို ထားပါတယ်။
စင်္ကာပူ လေကြောင်း ပျံသန်းမှု အာဏာပိုင် အဖွဲ့ရဲ့ တားမြစ်ချက်ကြောင့် SilkAir လေကြောင်းလိုင်းမှာ အသုံးပြုနေတဲ့ ဘိုးရင်း ၇၃၇ မက်စ် ၈ အမျိုးအစား လေယာဉ် ၆စင်း၊ တောင်တရုတ် လေကြောင်းလိုင်း၊ ဂရုဒါ အင်ဒိုနီးရှား လေကြောင်းလိုင်း၊ ရှန်ဒုန် လေကြောင်းလိုင်း တို့ အပြင် ထိုင်းနိုင်ငံ က ထိုင်းလိုင်းယွန်း လေကြောင်း လိုင်းတွေမှာ အသုံးပြု နေကြတဲ့ အဆိုပါ အမျိုးအစားတူ လေယာဉ် တွေပျံသန်းခွင့် ရပ်ဆိုင်း လိုက်ကြပြီ ဖြစ်ပါတယ်။
ချန်ဂီ လေဆိပ် ကို အသုံးပြုနေကြတဲ့ အများပြည်သူတွေ ထိခိုက်နစ်နာမှု ရှိလာမှာ ကို စိုးရိမ်တဲ့ အတွက် အခုလို တားမြစ်လိုက်တာ ဖြစ်ကြောင်း စင်္ကာပူ လေကြောင်း ပျံသန်းမှု အာဏာပိုင် အဖွဲ့ က ဆိုပါတယ်။
ပျံသန်းမှု ကို တားမြစ် လိုက်တဲ့ အတွက် ကြောင့် လေယာဉ် ခရီးသည်တွေ အနှောင့်အယှက် မဖြစ်အောင် အတတ် နိုင်ဆုံး ကြိုးစား မယ် ဆိုပေမယ့် စောင့်ဆိုင်းရချိန် ကြန့်ကြတာမျိုး စတဲ့ ထိခိုက် မှု အနည်းနဲ့ အများတော့ ရှိနိုင် တယ်လို့ ချန်ဂီ လေဆိပ်မှာ ရောက်နေတဲ့ ဘီဘီစီ သတင်းထောက် က ပြောပါတယ်။
မြန်မာနိုင်ငံက လေကြောင်းလိုင်းတွေ မှာတော့ ဘိုးရင်း ၇၃၇ အမျိုးအစား ကို အသုံးပြုတဲ့ လေကြောင်းလိုင်း တချို့ ရှိပေမယ့် ပျက်ကျမှု ဖြစ်ခဲ့တဲ့ မက်စ် ၈ အမျိုးအစား မဟုတ်ဘဲ တခြား မော်ဒယ် အမျိုးအစားတွေ ဖြစ်တယ်လို့ သိရှိရပါတယ်။
မက်စ် ၈ ဟာ အရင် ဘိုးရင်းမော်ဒယ်တွေနဲ့ ဘာကွာလဲ
"တခြား လေယာဉ်တွေနဲ့ ယှဉ်ရင် ဘိုးရင်း ၇၃၇ မက်စ် ၈ ရဲ့ အင်ဂျင်ရဲ့ အတောင်ပံနဲ့ ချိတ်ဆက်ထားပုံဟာ အင်ဂျင်ဟာ အရှေ့ကို ပိုရောက်ပြီး နည်းနည်းပိုမြင့်တယ်။ အဲဒါက လေယာဉ်ရဲ့ ဟန်ချက်ထိန်းပုံကို အကျိုးသက်ရောက်တယ်" လို့ ဂျာကာတာ အခြေစိုက် လေကြောင်းဆိုင်ရာ လေ့လာသုံးသပ်သူ ဂျယ်ရီး ဆိုးဂျတ်မန်းက ပြောပါတယ်။
အင်ဒိုနီးရှား အမျိုးသား ပို့ဆောင်ရေး လုံခြုံရေး ကော်မတီက လိုင်းယွန်း လေယာဉ် ခရီးစဉ် အမှတ် ၆၁၀ ရဲ့ အာရုံခံအချက်ပြစနစ်(ဆင်ဆာ)တွေထဲက တစ်ခုကနေ အချက်ပြအမှား ပေးပို့မှုကို တွေ့ကြုံခဲ့ရတယ်လို့ သက်သေပြ ထားပါတယ်။ အကယ်၍ လေတိုက်နှုန်း လျော့ကျလို့ အန္တရာယ် ကျရောက်နိုင်တဲ့ အခြေအနေ ရောက်တဲ့အခါ လေယာဉ်မှူးတွေကို ပေးပို့ရမယ့် အချက်ပြ သတင်းပို့မှုကို အဲဒီ အချက်ပြစနစ် ကနေ ရခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းက ဘာလဲ ဆိုတာတော့ စုံစမ်းစစ်ဆေးမှု အပြီးမသတ်သေးပါဘူး။

ဘိုးရင်း ၇၃၇ မက်စ် ၈ ရဲ့ ဆင်ဆာနဲ့ ဆော့ဖ်ဝဲတွေဟာ အရင် ဘိုးရင်း ၇၃၇ မော်ဒယ်တွေနဲ့ အလုပ်လုပ်ပုံ မတူပါဘူး။ ဒါပေမဲ့ အဲဒါကို လေယာဉ်မှူးတွေကို မပြောထားရသေးဘူးလို့ ဆိုပါတယ်။
လိုင်းယွန်း လေယာဉ်ပျက်ကျပြီး ရက်ပိုင်းအတွင်းမှာ လေယာဉ် ထုတ်လုပ်တဲ့ ဘိုးရင်းကနေ လေကြောင်းလိုင်းတွေဆီကို ထုတ်ပြန်ချက် တစ်စောင် ပေးပို့ခဲ့ပါတယ်။
အမေရိကန် လေကြောင်း ထိန်းသိမ်းရေးကတော့ အရေးပေါ် ညွှန်ကြားချက် တစ်ရပ် ထုတ်ပြီး အမေရိကန် လေကြောင်းလိုင်းတွေဆီကို ပို့ခဲ့ပါတယ်။ အဲဒီ ညွှန်ကြားချက်က Angle of Attack (AOA) sensor လို့ ခေါ်တဲ့ ဆင်ဆာ အကြောင်း ညွှန်ကြားချက်ပါ။
အမေရိကန် လေကြောင်း အာဏာပိုင်ကတော့ ဆင်ဆာနဲ့ပတ်သက်ပြီး "ဆင်ဆာက လေယာဉ်ဝန်ထမ်းတွေ လေယာဉ်ကို ထိန်းရ ခက်တာမျိုး ဖြစ်ကောင်း ဖြစ်စေနိုင်ပါတယ်။ အဲဒါကနေ လေယာဉ်ကို ပိုဦးစိုက် ဆင်းသွားစေတာ၊ အမြင့်ပေကို မသိနိုင်တော့တာနဲ့ မြေပြင်နဲ့ ပြင်းပြင်းထန်ထန် သွားဆောင့်မိတာမျိုးတွေ ဖြစ်စေနိုင်တယ်" လို့ ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters

အရေးပေါ်တပ်လှန့်တာကို ဘယ်သူတွေဆီပို့တာလဲ
လေယာဉ် ဝန်ထမ်းတွေဆီကို လေယာဉ်ပျံသန်းမှု ညွှန်ကြားချက်သစ်တွေ ပို့ဖို့ အမေရိကန် လေကြောင်းလိုင်းတွေ ညွှန်ကြားခံထားရပါတယ်။
တစ်ချိန်တည်းမှာပဲ အမေရိကန် လေကြောင်းအာဏာပိုင်က အဲဒီ အချက်အလက်ကို တခြားနိုင်ငံတွေက လေကြောင်း ထိန်းသိမ်းရေး တာဝန်ရှိသူတွေ ဆီကိုလည်း ပေးပို့ခဲ့ပါတယ်။
အဲဒါကြောင့် လေယာဉ်မှူးတွေ အနေနဲ့ သူတို့ လေကြောင်းလိုင်းတွေကနေ တဆင့် လေကြောင်း ထိန်းသိမ်းရေး ဌာနတွေက ပေးပို့တဲ့ အချက်အလက်သစ်တွေ ရကြလိမ့်မယ်လို့ ယူဆခဲ့ကြပါတယ်။
လေကြောင်း အသိုင်းအဝိုင်းက သတင်းရင်းမြစ်တွေ ကတော့ အီသီယိုးပီးယား လေကြောင်းက လေယာဉ်မှူးတွေ အဲဒီဆင်ဆာ ပြဿနာကို သိထားပြီး ဖြစ်မယ်လို့ ယုံကြည်ကြပါတယ်။
ပြီးတော့ အီသီးယိုးပီးယား လေယာဉ်ပျက်ကျမှုဟာ လိုင်းယွန်း လေကြောင်းလိုင်း လေယာဉ်ပျက်ကျတာနဲ့ တူတဲ့ အခြေအနေမျိုးကြောင့် ဖြစ်တယ် ဆိုတာကို လတ်တလော သက်သေ အထောက်အထား ပြစရာ မတွေ့ရသေးပါဘူး။
အဲဒါကို သိဖို့ အသေးစိတ် စုံစမ်း စစ်ဆေးမှုတွေ လုပ်ရဦးမှာ ဖြစ်ပါတယ်။
ဘိုးရင်းက ဘယ်လို တုံ့ပြန်သလဲ
တနင်္ဂနွေနေ့က ထုတ်ပြန်ချက်မှာတော့ ဘိုးရင်းက နည်းပညာအဖွဲ့ တစ်ဖွဲ့ကနေ နည်းပညာဆိုင်ရာ အကူအညီတွေကို အမေရိကန် အမျိုးသား ပို့ဆောင်ရေး လုံခြုံရေး ဘုတ်အဖွဲ့ရဲ့ ညွှန်ကြားချက်အတိုင်း လိုအပ်သလို ပေးမယ်လို့ ဘိုးရင်းက ဆိုပါတယ်။
လေယာဉ် ပျက်ကျမှုမှာ ပါသွားတဲ့သူတွေ၊ လေယာဉ် ဝန်ထမ်းတွေနဲ့ သူတို့ မိသားစုတွေကို စာနာ ဝမ်းနည်းကြောင်းနဲ့ အီသီယိုးပီးယား လေကြောင်းကို ကူညီဖို့ အသင့်ရှိတယ်လို့လည်း ဘိုးရင်းက ထုတ်ပြန်ခဲ့ပါတယ်။
ဘိုးရင်း ၇၃၇ မက်စ်ဟာ ဘိုးရင်းရဲ့ လေယာဉ်ရောင်းချမှု သမိုင်းမှာ အရောင်းအသွက်ဆုံး လေယာဉ်ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ ကျော်က လေကြောင်းကုမ္ပဏီတွေကနေ ဝယ်ယူဖို့ အမှာစာ ၄၅၀၀ ကျော် ရထားတဲ့ လေယာဉ်ပါ။
ပျက်ကျမှု ကနဦး စုံစမ်းစစ်ဆေး တွေ့ရှိမှုတွေကို အခြေခံပြီး လေကြောင်း ထိန်းသိမ်းရေး အာဏာပိုင်တွေနဲ့ လေကြောင်းလိုင်းတွေ ဘာဆက်လုပ်မလဲ ဆိုတာကို ဆုံးဖြတ်မှာ ဖြစ်ပါတယ်။
အီသီယိုးပီးယား လေကြောင်းဟာ အာဖရိကရဲ့ ဦးဆောင် လေကြောင်းလိုင်း အဖြစ် သတ်မှတ်ထားခြင်း ခံရတဲ့ လေကြောင်းလိုင်းပါ။
အဲဒီ လေကြောင်းလိုင်းဟာ အရည်အသွေး မြင့်မြင့် တာဝန်ခံမှု ရှိရှိ လည်ပတ်နေတဲ့ လေကြောင်းလိုင်း ဖြစ်တယ်လို့ လေကြောင်းဆိုင်ရာ လေ့လာသုံးသပ်သူ ဂျွန်စထရစ်လန်းက ပြောပါတယ်။














