လျှို့ဝှက် ညစ်ညမ်းဗီဒီယိုတွေ ကိစ္စနဲ့ နုတ်ထွက်သွားတဲ့ ကေပေါ့ ကြယ်ပွင့် ဂျန်ဂျူယန်း

"I filmed women without their consent and shared it in a chatroom, and while I was doing so I didn't feel a great sense of guilt", K-pop star Jung Joon-young said
ရေးသားခဲ့သည်။

ကြီးထွားလာတဲ့ ကေပေါ့ လိင်အရှုပ်တော်ပုံမှာ ဒုတိယမြောက် ကေပေါ့ကြယ်ပွင့်တယောက် ထွက်သွားပြန်ပြီ။

ဂျန်ဂျူယန်းဟာ အသက် ၃ဝ ရှိပါပြီ။ သူက သူနဲ့ လိင်ဆက်ဆံတဲ့ အမျိုးသမီးတွေကို ဗီဒီယိုတွေ ခိုးရိုက်ပြီး သူများတွေဆီ ပို့တာတွေ လုပ်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။

"ကျွန်တော့အပြစ်တွေ အားလုံးကို ဝန်ခံပါတယ် "ဆိုပြီး ဂျန်က စာထုတ်ခဲ့ပါတယ်။

နောက် ရုပ်သံနဲ့ ဂီတလုပ်ငန်းတွေ အားလုံးကို စွန့်လွှတ်ပါတယ်ဆိုပြီးလည်း ကတိပေးပါတယ်။

Jung Joon-young surrounded by reporters

ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images

ဓာတ်ပုံ ပုံစာ, အပြစ်တွေ ဝန်ခံခဲ့ရတဲ့ ဂျူယန်း

ဘစ်ဘန်း အုပ်စုက နာမည်ကြီး ဆုန်နီး ကို ပြည့်တန်ဆာတွေနဲ့ လာဘ်ထိုးမှုနဲ့ တရားစွဲလိုက်ပြီး နောက်တနေ့မှာပဲ သူက ဒီလို ထုတ်ပြောခဲ့တာ ဖြစ်ပါတယ်။

ဂျန်ဟာ အမျိုးသမီး ၁ဝ ယောက်ကျော်ကို ဗီဒီယိုခိုးရိုက်တယ် ဆိုပြီး ဆိုးလ်မြို့တော် ရဲဌာနက မတ်လ ၁၄ ရက်မှာ စစ်မေးဖို့ ရှိနေပါတယ်။

"ကျွန်တော် သူတို့ကို ခွင့်မတောင်းဘဲ ခိုးရိုက်ပြီး အင်တာနက်အုပ်စုထဲမှာ ဖလှယ်ခဲ့ပါတယ်၊ ဒီလိုလုပ်ခဲ့တုန်းက အပြစ်ရှိတယ်လို့လည်း မခံစားခဲ့ရပါဘူး " လို့ ဂျန်က မတ်လ ၁၂ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

ဂျန်ဟာ ၂ဝ၁၅-၁၆ တုန်းက အမျိုးသမီးတွေကို ခွင့်မတောင်းဘဲ လိင်ဗီဒီယိုတွေ ရိုက်ပြီး မိုဘိုင်းဖုန်းကနေ မိတ်ဆွေ သူငယ်ချင်းတွေဆီ ပို့ခဲ့တယ်ဆိုပြီး တောင်ကိုရီးယား ရုပ်သံ ကနေ ဖွင့်ချခဲ့တာ ဖြစ်ပါတယ်။

သူ့အပြုအမူတွေအတွက် သူ့ပရိသတ်တွေကို ဂျန်က တောင်းပန်ခဲ့သလို သူဗီဒီယိုရိုက်ခဲ့တဲ့ အမျိုးသမီးတွေကိုလည်း သူဝန်ချပြောဆိုခဲ့ရပါတယ်။

"ကျွန်တော့ဘဝ တလျှောက်လုံး ဒီလို လုပ်ခဲ့တဲ့ ကိစ္စတွေအတွက် နောင်တရနေတော့မှာပါ "

"ရဲစုံစမ်းမှုမှာလည်း ပူးပေါင်း ကူညီပေးပါ့မယ်၊ ပေးသမျှ အပြစ်ဒဏ်ကျခံဖို့လည်း အသင့်ပါပဲ " လို့ ဆိုပါတယ်။

ဂျန် ခွင့်မတောင်းဘဲ ဒီလိုဗီဒီယိုတွေ ရိုက်တယ် ဆိုပြီး စွပ်စွဲခံရတာက ဒါပထမဆုံးအကြိမ် မဟုတ်ပါဘူး။ ၂ဝ၁၆ တုန်းကလည်း သူ့ရည်းစားဟောင်း မိန်းကလေးတယောက်က ဒီလို စွပ်စွဲခဲ့ဖူးပါတယ်။ ဒါပေမဲ့ နောက်တော့ ပြန်ရုပ်သွားခဲ့ပါတယ်။

ဒီမိန်းကလေးက ဗီဒီယိုရိုက်ခံဖို့ သဘောတူတယ် ဆိုပြီး အဲဒီတုန်းက သီချင်းရေးဆရာ အဆိုတော် ဂျန်က ပြောပါတယ်။

တောင်ကိုရီးယားမှာ ဒီနှစ်ပိုင်းအတွင်း ဗီဒီယိုကင်မရာ နဲ့ ခိုးရိုက်တဲ့ ပြဿနာတွေ အကြီးအကျယ် တက်နေပါတယ်။ အိမ်သာတွေ၊ အဝတ်လဲခန်းတွေမှာ ဗီဒီယိုတွေ ခိုးတပ်ပြီး ကာယကံရှင်တွေ မသိလိုက်ဘဲ အင်တာနက်ပေါ် တင်တာတွေ ဖြစ်ပါတယ်။

၂ဝ၁၇ တနှစ်ထဲမှာ ဒါမျိုး ကိစ္စ ခြောက်ထောင်ကျော် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ဗီဒီယို ပုံစာ, လျှို့ဝှက် ကင်မရာသုံးပြီး ဗီဒီယိုရိုက်တာတွေကြောင့် ပြဿနာတက်နေတဲ့ တောင်ကိုရီးယား

ဗီဒီယိုတွေ ဘယ်လိုပေါက်ကြားသလဲ

ကေပေါ့ ကြယ်ပွင့် ဆုန်နီးဟာ ဂျန်ရဲ့ အင်တာနက် အုပ်စုမှာ ပါတယ် ဆိုပြီး ရဲက စုံစမ်းရင်းနဲ့ ဂျန်ရဲ့ အမှုက ထွက်လာတာပါ။

ဘစ်ဘန်း အမျိုးသား တီးဝိုင်းက ဆုန်နီးဟာ ဓာတ်ပြားချပ်ရေ သန်း ၁၄ဝ ကျော် ရောင်းခဲ့ရသူ ဖြစ်ပါတယ်။ သူ့ရဲ့ စီးပွားရေး မိတ်ဆွေတွေအတွက် ပြည့်တန်ဆာတွေ ရှာပေးတယ် ဆိုပြီး တရားစွဲခံနေရပါတယ်။ ဒီအမှုကို စစ်ဆေးရင်းနဲ့ ဂျန်ရဲ့ ဗီဒီယိုတွေ ကိစ္စ က ထွက်လာတာပါ။

အသက် ၂၈ နှစ် ရှိပြီ ဖြစ်တဲ့ ဆုန်နီးလည်း ဂီတလောကကနေ မတ်လ ၁၁ ရက်က နားသွားခဲ့ရပါတယ်။ ရဲနဲ့ အမှုအတွက် ပူးပေါင်းပါ့မယ်လို့လည်း ကတိပေးခဲ့ပေမယ့် ပြည့်တန်ဆာ ရှာပေးတာ မဟုတ်ပါဘူးလို့ ငြင်းဆိုပါတယ်။

Seungri and G-Dragon of South Korean boy band Bigbang give a press conference in 2014

ဓာတ်ပုံ ရင်းမြစ်, VCG via Getty Images

ဓာတ်ပုံ ပုံစာ, စီးပွားရေးသမားတွေအတွက် ပြည့်တန်ဆာတွေရှာပေးတယ်လို့ စွဲဆိုခံရတဲ့ ဆုန်နီး (ဘယ်ဘက်)