ဆူဒန်မှာ နှစ် ၃ဝ အာဏာချုပ်ကိုင်ထားသူကို စစ်အာဏာသိမ်းပြီး ဖယ်ရှားလိုက်ပြီ

ဓာတ်ပုံ ရင်းမြစ်, Sudan TV
ဆူဒန်မှာ အိုမာ အယ်လ်-ဘရှားကို သမ္မတနေရာက ဖယ်ရှားလိုက်ပြီး ဖမ်းဆီး ထားတယ်လို့ ဆူဒန် ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာပါတယ်။
ဒါဟာ တိုင်းပြည်ရဲ့ အာဏာကို အနှစ် ၃ဝ ချုပ်ကိုင်ထားသူကို စစ်တပ်က အာဏာသိမ်းပြီး ဖယ်ရှား ပစ်လိုက်တာ ဖြစ်ပါတယ်။
ဆူဒန် နိုင်ငံရေး အသွင်ကူးပြောင်းရေး ၂ နှစ်တာကာလ သတ်မှတ်ထားပြီး အဲဒီနောက် ရွေးကောက်ပွဲ ကျင်းပပေးဖို့ စစ်တပ်က ဆုံးဖြတ်ထားတယ်လို့ အာဝါဒ် အီဘင် အုဖ်က တိုင်းပြည်ကို ရုပ်မြင်သံကြားကနေ ပြောခဲ့ပါတယ်။
တိုင်းပြည်ကို အရေးပေါ် အခြေအနေ ၃ လတာ ကြေညာလိုက်တယ်လို့လည်း သူက ပြောသွားပါတယ်။
အစိုးရဆန့်ကျင်ရေး ဆန္ဒပြသမားတွေထဲက အဓိက အုပ်စုကတော့ စစ်တပ်ရဲ့ ကြေညာချက်ကို လက်မခံဘဲ စစ်ရုံးချုပ်ရှေ့ ထိုင်သပိတ် ဆင်နွှဲနေတာကို လူစုမခွဲကြဖို့ ဆက်လက် ဆော်ဩနေပါတယ်။
ဆန္ဒပြသမားတွေဟာ နိုင်ငံရေး အပြောင်းအလဲ ကာလအတွင်း စစ်တပ်က ဦးဆောင် သွားမှာကို မလိုလားဘဲ အရပ်ဘက်ကောင်စီ တစ်ခုဖွဲ့ပြီးတော့သာ တိုင်းပြည်ကို စီမံ အုပ်ချုပ်စေလိုတဲ့ သဘော ဆန္ဒမျိုးတွေ ရှိနေကြတယ်လို့ သတင်းထောက်တွေက ပြောပါတယ်။
စစ်အာဏာသိမ်းကြောင်း ကြေညာချက်
"လက်ရှိ အစိုးရကို ဖယ်ရှားလိုက်ပြီး အစိုးရခေါင်းဆောင်ကို လုံခြုံတဲ့နေရာမှာ ထိန်းသိမ်းထားလိုက်ကြောင်း ကာကွယ်ရေးဝန်ကြီးတစ်ယောက် အဖြစ် ကျွန်ုပ် ကြေညာတယ်" ဆိုပြီး မစ္စတာ အီဘင် အုဖ်က သူ့ရဲ့ ထုတ်ပြန်ချက်ထဲ ပြောသွားပါတယ်။
မစ္စတာ ဘရှားကို ဘယ်မှာ ထိန်းသိမ်းထားလဲ၊ ဘယ်မှာ ရှိနေသလဲ ဆိုတာ မသိရသေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Reuters
"တိုင်းပြည်ဟာ အင်မတန် ညံ့ဖျင်းတဲ့ စီမံ ခန့်ခွဲမှုရဲ့ဒဏ်၊ အကျင့်ပျက် ခြစားတဲ့ဒဏ်နဲ့ တရားမျှတမှု ကင်းမဲ့တဲ့ ဒဏ်တွေ ခံစားနေရတယ်" ဆိုပြီးတော့လည်း မစ္စတာ အီဘင် အုဖ်က ထည့်သွင်း ပြောသွားပါတယ်။
ဒါ့အပြင် သတ်ဖြတ်မှုတွေ၊ အကြမ်းဖက်မှုတွေ ပေါ်ပေါက်ခဲ့တဲ့ အတွက်လည်း တိုင်းပြည်ကို မစ္စတာ အီဘင် အုဖ် တောင်းပန် သွားပါတယ်။
လက်ရှိ ဆူဒန် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဆိုင်းငံ့လိုက်တယ်လို့လည်း ကြေညာခဲ့သလို၊ နယ်စပ်ဖြတ်ကျော် ကူးသန်းသွားလာတာတွေကိုလည်း နောက်ကြေညာချက် ထုတ်ပြန် မလာမချင်း ပိတ်ချထားမယ်လို့ ဆိုပါတယ်။
ဝေဟင်ပိုင်နက် တစ်ခုလုံးမှာလည်း လေယာဉ်ပျံသန်းခွင့် ၂၄ နာရီ ပိတ်ချလိုက်ပါတယ်။
အိုမာ အယ်လ်-ဘရှားကို ဖယ်ရှားလိုက်တဲ့ ကြေညာချက် ထွက်လာတဲ့ အခါ ခါတွမ်းမြို့တော် စစ်ရုံးချုပ် အရှေ့က ဆန္ဒပြသမားတွေ ဝမ်းသာအားရ အောင်ပွဲ ခံကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ရင်းမြစ်, AFP
စစ်သားတွေကို ပွေ့ဖက်ကြတာမျိုး၊ သံချပ်ကာကားတွေပေါ် တက်ကြတာမျိုးတွေလည်း ရှိခဲ့ပါတယ်။
နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးနေတယ်လို့ ဆူဒန် ထောက်လှမ်းရေး ဌာနကလည်း နိုင်ငံပိုင် သတင်းဌာနက တဆင့် ကြေညာပါတယ်။
ဒါပေမယ့်လည်း အာဏာသိမ်း စစ်ဗိုလ်ချုပ်တွေဆီမှာ တိုင်းပြည်ကို အရပ်ဘက်အုပ်ချုပ်ရေး ဘယ်လိုဘယ်ပုံ ပြန်လည် ထူထောင်ပေးမယ် ဆိုတဲ့ အတိတကျ လုပ်ငန်းစဉ်မျိုး ရှိနေတာ မတွေ့ရဘူးလို့ ဘီဘီစီရဲ့ အာဖရိကပိုင်း အယ်ဒီတာ ဖာဂယ် ကိန်းက ပြောပါတယ်။
အာဏာပြန်လွှဲပေးဖို့ စိတ်ဆန္ဒမျိုး စစ်တပ်မှာ တကယ်ရော ရှိနေရဲ့လား ဆိုပြီး ပြည်သူတွေကြား သံသယနဲ့ စိုးရွံ့မှုတွေလည်း တွေ့နေရတယ်လို့ ဖာဂယ် ကိန်းက ဆိုပါတယ်။














