ဖရန့်ဖတ်ကမြစ်ထဲ စစ်ကျန်ဗုံးတလုံးကို ဖောက်ခွဲပစ်ပြီးရှင်းလင်းရ

ဓာတ်ပုံ ရင်းမြစ်, @MartinMarinov1/Twitter
ဒုတိယကမ္ဘာစစ်လက်ကျန် အမေရိကန်လုပ်ဗုံးကြီးတလုံးကို ဖရန့်ဖတ်က မြစ်တစင်းထဲမှာ ဖောက်ခွဲပြီးရှင်းလင်းရတဲ့အခါ မြစ်ထဲက ရေပန်းအမြင့်ကြီးထိုးတက်လာခဲ့ပါတယ်။
တနင်္ဂနွေနေ့ ဒေသစံတော်ချိန် မနက် ၈ နာရီလောက်မှာ ဗုံးရှင်းလင်းရေးအဖွဲ့က ဗုံးကိုရှင်းလင်းဖို့ လုပ်စဉ် အနီးအနားမှာ နေထိုင်နေတဲ့ လူပေါင်း ၆၀၀ လောက်ကို ဘေးကင်းလုံခြုံမယ့်နေရာဆီ အရင်ရွှေ့စေရပါတယ်။ဖောက်ခွဲပြီးတဲ့အခါမှာလည်း ရေငုပ်သမားတွေက ဗုံးကြီးရဲ့ အန္တရာယ်ပေးနိုင်မှုကင်းပြီလားဆိုတာကို မြစ်ထဲဆင်းပြီးစစ်ဆေးကြပါတယ်။
ဒီဗုံးကို ပြီးခဲ့တဲ့ အင်္ဂါနေ့က ဖရန့်ဖတ်က မိန်းမြစ်မှာ စတွေ့ခဲ့ကြတာလို့ ဂျာမန်သတင်းဌာန dpa က ဆိုပါတယ်။ မီးသတ်ဌာနက ဝန်ထမ်းတွေနဲ့ ရေငုပ်သမားတွေ ပုံမှန်လေ့ကျင့်ရေးအလုပ်တွေ လုပ်ဆောင်နေတုန်း အဲဒီ ကီလိုဂရမ် ၂၅၀ လောက်လေးတဲ့ ဒီဗုံးကြီးကို စတွေ့ခဲ့ကြတာပါ။
လူမှုမီဒီယာမှာတင်လာတဲ့ ပုံတပုံအရ တံတား နှစ်ခုကြား မြစ်ပြင်ကနေ ရေပန်းကြီးတခု ထောင်တက်လာခဲ့တာကို တွေ့ကြရပါတယ်။ဂျာမနီမှာ ဒုတိယကမ္ဘာစစ် လက်ကျန်ဗုံးတွေ အခုအချိန်အထိ တွေ့တွေ့နေရတာ အဆန်းတော့မဟုတ်ပါဘူး၊ မနှစ်တုန်းက ဘာလင်မြို့လယ်မှာ လူပေါင်း ၁၀၀၀၀ လောက်ကို နေရာရွှေ့ပေးထားပြီး ဒုတိယကမ္ဘာစစ်လက်ကျန် မကွဲသေးတဲ့ ဗုံးကြီး နှစ်လုံးကို စနက်တံဖြုတ် ဖယ်ရှားပေးကာ ဘေးကင်းအောင်လုပ်ခဲ့ရပါတယ်။








