ရုရှားမှာ ရှိတဲ့ မြောက်ကိုရီးယား အလုပ်သမားတွေရဲ့ မရေရာတဲ့ အနာဂါတ်

- ရေးသားသူ, အနာတာရှာ နပါလ်ကိုဗာ
- ရာထူးတာဝန်, ဘီဘီစီ ရုရှားဌာန
- ရေးသားခဲ့သည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းဟာ ရုရှား သမ္မတ ဗလာဒီမီယာ ပူတင်နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံဖို့ ရုရှားနိုင်ငံမှာ ရောက်နေပါတယ်။
လောလောဆယ် ရုရှားနိုင်ငံမှာ လာအလုပ် လုပ်ကိုင်နေကြတဲ့ မြောက်ကိုရီးယား ရွှေ့ပြောင်းအလုပ်သမား ထောင်ပေါင်းများစွာဟာ ကုလသမဂ္ဂက ၂၀၁၇ ခုနှစ်မှာ အတည်ပြုခဲ့တဲ့ မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် ဒီနှစ်မကုန်ခင် ရုရှားကနေ ထွက်ပေးရဖို့ ရှိနေပါတယ်။
အခု ရုရှား မြောက်ကိုရီးယား သံတမန် ဆက်ဆံရေး တိုးတက် ကောင်းမွန်လာနေတဲ့အတွက် မြောက်ကိုရီးယား အလုပ်သမားတွေ ရုရှားမှာ ဆက်နေနိုင်ဖို့ လမ်းပွင့်လာမလား ဆိုတာကို မြောက်ကိုရီးယား အလုပ်သမားတွေရော၊ သူတို့ကို အလုပ်ခန့်ထားတဲ့ ကုမ္ပဏီတွေကပါ စောင့်ကြည့်နေကြပါတယ်။
မော်စကိုမြို့လယ်ကနေ သိပ်မဝေးတဲ့ ကုန်တိုက်ဝင်းကြီးထဲက ကော်ယို ဆိုတဲ့ မြောက်ကိုရီးယား စားသောက်ဆိုင်ဟာ ကမ္ဘာလှည့်ခရီးသည်တွေအတွက် သိပ်စိတ်ဝင်စားစရာ ကောင်းပုံမရတဲ့ ဆိုင်တစ်ခုပါ။ မြောက်ကိုရီးယားလူမျိုး ပိုင်တဲ့ အဲဒီဆိုင်မှာ ဝန်ထမ်းတွေ အားလုံးက မြောက်ကိုရီးယား လူမျိုးတွေ ဖြစ်ကြတာမို့ ရှာရှာဖွေဖွေ လာစားကြတဲ့သူတွေ အနေနဲ့ မြောက်ကိုရီးယား အစားအစာ အရသာ မြည်းစမ်းခွင့် ရကြမှာပါ။
ဆိုင်ထဲက တီဗီပေါ်မှာ မြောက်ကိုရီးယား သီချင်းတွေ ဖွင့်ထားပြီး ဆိုင်မီးနူးထဲမှာ ကင်မ်ချီနဲ့ ခေါက်ဆွဲ အအေး ဟင်းလျာ အစုံ တွေ့ရမှာပါ။
ကင်ဂျုံအွန်းနဲ့ ပူတင်တို့ တွေ့ဆုံမယ့်နေ့မတိုင်ခင် ညနေခင်းမှာတော့ အဲဒီဆိုင်မှာ လူတွေနဲ့ ပြည့်ကျပ်နေပါတယ်။
အုပ်စုလိုက် ထိုင်နိုင်အောင် စားပွဲ အတော်များများကို စုပြီး ချထားပါတယ်။
"ဒီကနေ့ဟာ မြောက်ကိုရီးယားတွေရဲ့ အားလပ်ရက်နေ့လား" လို့ စားပွဲထိုး အမျိုးသမီးလေးကို မေးကြည့်တော့ "မဟုတ်ပါဘူး၊ ပုံမှန်နေ့ပါပဲ" လို့ ရုရှားသံ မပီ့တပီနဲ့ ပြန်ဖြေပါတယ်။
ကော်ယိုဆိုင်က ဝန်ထမ်းတွေဟာ ရုရှားနိုင်ငံတဝန်းမှာ လာအလုပ်လုပ်နေကြတဲ့ မြောက်ကိုရီးယား အလုပ်သမား ၈၀၀၀ လောက်ထဲမှာ အပါအဝင်ပါ။

ဓာတ်ပုံ ရင်းမြစ်, Reuters
ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနက မကြာသေးခင်က အတည်ပြုထားတဲ့ ဒီအရေအတွက်အရ ဆိုရင် ရုရှားနိုင်ငံမှာ လာအလုပ်လုပ်နေတဲ့ မြောက်ကိုးရီးယား အရေအတွက် ၄၀၀၀၀ လောက် ရှိတယ် ဆိုတဲ့ လွန်ခဲ့တဲ့ နှစ်နှစ်က အရေအတွက်ထက် အများကြီး လျော့သွားတာ တွေ့ရမှာပါ။
အများစုဟာ မြောက်ကိုရီးယား နျူကလီးယား စီမံကိန်းကြောင့် မြောက်ကိုရီးယားတွေကို အလုပ်ပေးလုပ်ခွင့် တားမြစ်ထားတဲ့ ကုလသမဂ္ဂ နိုင်ငံတကာ ဒဏ်ခတ် ပိတ်ဆို့မှုတွေကို လိုက်နာတဲ့အနေနဲ့ ရုရှား အလုပ်ရှင်တွေက နိုင်ငံထဲကနေ ထွက်ခွာခိုင်း ခံခဲ့ရတာပါ။
မြောက်ကိုရီးယားရဲ့ မစ်ဆိုင်းဒုံး စမ်းသပ်ပစ်လွှတ်မှုကို တုံ့ပြန်တဲ့အနေနဲ့ ကုလသမဂ္ဂက ဒဏ်ခတ်ပိတ်ဆို့မှု အတည်ပြု ပြဌာန်းခဲ့တဲ့ ၂၀၁၇ ခုနှစ် စက်တင်ဘာလကတည်းက ရုရှားနိုင်ငံမှာ တရားဝင် လာအလုပ်လုပ်နိုင်ခွင့် ရှိသူတွေဟာ အဲဒီအချိန် မတိုင်ခင်က အလုပ်ကန်ထရိုက် လက်မှတ်ရေးထိုးထားသူတွေ ဖြစ်တယ်လို့ ရုရှား အလုပ်သမားဝန်ကြီးဌာနရဲ့ ပြန်ကြားရေးရုံးက ဘီဘီစီ ရုရှားဌာနကို ပြောပါတယ်။
ရုရှား အလုပ်သမား ဝန်ကြီးဌာနရဲ့ ကိန်းဂဏန်းတွေအရ ရုရှားနိုင်ငံမှာ လာအလုပ်လုပ်သူ မြောက်ကိုရီးယား စုစုပေါင်းရဲ့ ၈၅ ရာခိုင်နှုန်းကျော်ဟာ ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ အလုပ်လုပ်ကိုင်ကြတယ်လို့ သိရပါတယ်။
ကျန်တဲ့ အလုပ်သမားတွေကတော့ အထည်လုပ်ငန်းနဲ့ စိုက်ပျိုးရေး လုပ်ငန်းတွေကနေ သစ်လုပ်ငန်း၊ စားသောက်ဆိုင် လုပ်ငန်းနဲ့ တိုင်းရင်းဆေး လုပ်ငန်းတွေမှာ အလုပ်လုပ်ကိုင်ကြပါတယ်။

ဆင်းရဲနွမ်းပါးကြတဲ့ မြောက်ကိုရီးယား အလုပ်သမားတွေအတွက် ရုရှားနိုင်ငံမှာ လာအလုပ်လုပ်ခွင့် ရတာဟာ ထီပေါက်သလိုပဲလို့ ဆိုးလ်မြို့ ကွတ်မင် တက္ကသိုလ်က မြောက်ကိုရီးယားအရေး ကျွမ်းကျင်သူ ပါမောက္ခ အွန်ဒရေ လန်ကော့ဗ် က ပြောပါတယ်။
မြောက်ကိုရီးယားမှာ လာဘ် မပေးဘဲ ရုရှားမှာ လာအလုပ် လုပ်ခွင့်ရဖို့က လုံးဝ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။
ဒါပေမယ့်လည်း ရုရှားမှာ သွားအလုပ်လုပ်တဲ့အခါမှာတော့ နေရာထိုင်ခင်း၊ လုပ်ငန်းခွင် အခြေအနေက သတ်မှတ်စံနှုန်းထက် အများကြီး နိမ့်ကျသလို မတရား စေခိုင်းတာကိုလည်း မြောက်ကိုရီးယား အလုပ်သမားတွေ ရင်ဆိုင် ကြုံတွေ့ရလေ့ ရှိပါတယ်။
၂၀၁၅ ခုနှစ်တုန်းက အထောက်အထား ခိုင်မာတဲ့ အမှုတခုကို ကြည့်မယ် ဆိုရင် ရုရှားနိုင်ငံ အရှေ့ဖျား နာခိုဒကာမြို့မှာ မြေယာစိုက်ခင်း ကျွမ်းကျင်သူ မြောက်ကိုရီးယား ပညာရှင် ၃ ဦးကို လမ်းမတွေပေါ်မှာ ဆီးနှင်းတွေ ရှင်းတဲ့ အလုပ်လုပ်နေတာကို လူဝင်မှု ကြီးကြပ်ရေး တာဝန်ရှိပုဂ္ဂိုလ်တွေက စစ်ဆေး တွေ့ခဲ့ရပါတယ်။
အဲဒီလူတွေဟာ သူတို့ရဲ့ အဓိက အလုပ်ဖြစ်တဲ့ စိုက်ခင်းတွေကို ကြီးကြပ်လေ့လာရတဲ့ အလုပ် လုပ်နေရာကနေ ဒီအလုပ်ကို တစ်ခါလေး ဝင်လုပ်ခဲ့တာပါလို့ သူတို့ရဲ့ အလုပ်ရှင် ရုရှား မြောက်ကိုရီးယား ကုမ္ပဏီက ပြောပေမဲ့ ရုရှားအာဏာပိုင်တွေကတော့ အယုံအကြည် မရှိခဲ့ဘဲ အဲဒီ အလုပ်သမား ၃ ဦးစလုံးကို ရုရှားနိုင်ငံထဲကနေ နှင်ထုတ်ခဲ့ပါတယ်။
ရုရှား အလုပ်သမားဝန်ကြီးဌာနရဲ့ အဆိုအရ မြောက်ကိုရီးယား အလုပ်သမားတွေဟာ ပျမ်းမျှ တစ်လကို ၄၁၅ ဒေါ်လာ ရတယ်လို့ ဆိုပါတယ်။ ဒီလစာဟာ ရုရှားနိုင်ငံက ပျမ်းမျှ လစာထက် ၄၀ ရာခိုင်နှုန်း နည်းပါတယ်။
မြောက်ကိုရီးယား အလုပ်သမားတွေဟာ သူတို့ရတဲ့ လစာငွေရဲ့ တစ်ဝက်ကျော်ကို မြောက်ကိုရီးယား အစိုးရလက်ထဲ ထည့်ကို ထည့်ရတယ်လို့ ပါမောက္ခ လန်ကော့ဗ်က ဘီဘီစီ ရုရှားဌာနကို ပြောပါတယ်။ ဒါတောင်မှ ကျန်တဲ့ငွေဟာ မြောက်ကိုရီးယားနိုင်ငံမှာ ရနိုင်တဲ့ လစာထက် အများကြီး ပိုများနေသေးတယ်လို့ ဆိုပါတယ်။
မြောက်ကိုရီးယား အလုပ်သမားတွေကို အလုပ်ခန့်ချင်တဲ့ ရုရှား ကုမ္ပဏီတွေအနေနဲ့ အလုပ်သမား ဝန်ကြီးဌာနမှာ ကိုတာ အချိုးကျ လျှောက်ထားရပြီး နိုင်ငံခြားသား အလုပ်သမား တစ်ဦးစီ အတွက် ဒေါ်လာ ၂၀၀ ကျ ပေးပြီး အလုပ်လုပ်ခွင့် ခွင့်ပြုချက် လျှောက်ရပါတယ်။
ကင်ဂျုံအွန်းနဲ့ ဗလာဒီမီယာ ပူတင်တို့ အခု သီတင်းပတ် တွေ့ဆုံကြမယ့် ရုရှားနိုင်ငံ အရှေ့ဖျားစွန်းမှာ မြောက်ကိုရီးယား အလုပ်သမား အတော်များများ အလုပ်လုပ်နေကြတာပါ။
အဲဒီဒေသမှာ ဒေသခံ လူဦးရေ လျော့နည်းလာတာနဲ့အမျှ အလုပ်သမား ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရပါတယ်။ ကုလသမဂ္ဂရဲ့ ဒဏ်ခတ် ပိတ်ဆို့မှုကြောင့်လည်း မြောက်ကိုးရီးယား အလုပ်သမားတွေ အများကြီး လျော့နည်းသွားခဲ့ရပါတယ်။ မနှစ်တုန်းက ရုရှားမှာ လာအလုပ်လုပ်ဖို့ မြောက်ကိုရီးယား အလုပ်သမား အရေအတွက် ၉၀၀ ခွင့်ပြုခဲ့ပြီး အရင်နှစ်တွေထက် အများကြီး လျော့ကျသွားခဲ့တာပါ။
၂၀၁၈ ခုနှစ်မှာ ရုရှား အလုပ်သမား ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ မြောက်ကိုရီးယား အလုပ်သမားတွေဟာ ရုရှားနိုင်ငံ အနှံ့အပြားမှာ အလုပ် လုပ်ကိုင်နေကြပြီး ၄၀ ရာခိုင်နှုန်းက မော်စကိုနဲ့ စိန့်ပီတာစ်ဘာ့ဂ်မြို့ ပတ်ဝန်းကျင်က စီးပွားရေး လုပ်ငန်းတွေမှာ လုပ်ကိုင်နေကြတယ်လို့ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
စိန့်ပီတာစ်ဘာ့ဂ်မြို့မှာ ပြီးခဲ့တဲ့နှစ် ကမ္ဘာ့ဖလား ဘောလုံးပွဲအတွက် အားကစားရုံကြီးတခု ဆောက်ရာမှာ မြောက်ကိုရီးယား ဆောက်လုပ်ရေး အလုပ်သမားတွေ ပါတယ်လို့ သတင်းတွေက ဆိုပါတယ်။
စိန့်ပီတာစ်ဘာ့ဂ်မြို့က နောက်ကုမ္ပဏီကြီးတစ်ခု ဖြစ်တဲ့ BTC ကုမ္ပဏီဟာ ရုရှား စစ်တပ်အတွက် ယူနီဖောင်းတွေ ချုပ်ပေးတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ အဲဒီ ကုမ္ပဏီဟာ ၂၀၁၇ ခုနှစ်မှာ မြောက်ကိုရီးယား ၂၇၀ ကို အလုပ်ခန့်ဖို့ လိုင်စင် ရခဲ့ပါတယ်။ ကုမ္ပဏီ ပြောခွင့်ရသူကတော့ တယောက်မှ အလုပ်မခန့်ခဲ့ဘူးလို့ ငြင်းပါတယ်။ ၂၀၁၈ ခုနှစ်မှာတော့ BTC ကုမ္ပဏီက မြောက်ကိုရီးယား အလုပ်သမားတွေအစား ဗီယက်နမ် အလုပ်သမားတွေကို အလုပ်လုပ်ခွင့် လိုင်စင် လျှောက်ခဲ့တယ်လို့ အလုပ်သမား ဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။
၂၀၁၈ ခုနှစ်တုန်းက ယူဇင်ညေ စိုက်ပျိုးရေး ကုမ္ပဏီက သူတို့ရဲ့ စူပါမားကက်အတွက် ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးဖို့ မြောက်ကိုရီးယား အလုပ်သမား ၁၅၀ကို အလုပ်ခန့်ခွင့် လိုင်စင် လျှောက်ခဲ့ပါတယ်။ ယူရာလ် ဒေသက ဆဗာ့ဒ်လော့ဗ်မြို့မှာလည်း ၂၀၁၇ ခုနှစ်မှာ စားပွဲတင်းနစ် ကလပ် စက်ရုံတခုမှာ မြောက်ကိုရီးယား သင်တန်းဆရာ ၆ ဦး အလုပ်လုပ်ခဲ့ပါတယ်။
ရုရှားမှာ မြောက်ကိုရီးယားတွေကို အများဆုံး အလုပ်ခန့်သူတွေက မြောက်ကိုရီးယားပိုင် ကုမ္ပဏီတွေ ဖြစ်ပါတယ်။
ရုရှားနိုင်ငံ Spark စီးပွားရေး သတင်းအချက်အလက် စနစ်က ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ ၂၀၁၈ ခုနှစ် အစပိုင်းမှာ မြောက်ကိုရီးယား အလုပ်သမား ၃၀၀ လောက် အလုပ်လုပ်ခွင့် မှတ်ပုံတင်ခဲ့ကြတယ်လို့ ဖေါ်ပြထားပါတယ်။
တစ်ဝက်ကျော်လောက်ဟာ ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ လုပ်ကိုင်နေကြပါတယ်။ ဥပမာအားဖြင့် အကျဉ်းထောင်သစ် တစ်ခု ဆောက်နေတဲ့ ဆိုင်ဘေးရီးယားဒေသ ကရက်စ်နိုယာ့စ်ခ်မြို့က အီနီဆေ ကုမ္ပဏီလို ဆောက်လုပ်ရေး လုပ်ငန်းတွေမှာပါ။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဗလာဒီဗော့စ်တော့ ကနေ လေယာဉ် ခရီးစဉ်တွေ ပြေးဆွဲနေတဲ့ အစိုးရပိုင် ကော်ရို လေကြောင်း ကုမ္ပဏီနဲ့ မြောက်ကိုရီးယား နိုင်ငံခြား ကုန်သွယ်ရေးဘဏ်ခွဲ တို့ကို မြောက်ကိုရီးယား အလုပ်သမားတွေအကြောင်းဘီဘီစီက ဆက်သွယ်မေးခဲ့ပေမယ့် တုံ့ပြန် ဖြေကြားခြင်း မရှိခဲ့ပါဘူး။
ရုရှားမှာ ရှိတဲ့ မြောက်ကိုရီးယား ကုမ္ပဏီ အများစုဟာ ပုဂ္ဂလိကပိုင်တွေ ဖြစ်ကြပါတယ်။
ဒါဟာ မြောက်ကိုရီးယားအစိုးရက စီးပွားရေးကို ချုပ်ကိုင်မထားဘဲ လွတ်လပ်ခွင့် ပေးလာနေတဲ့ အရိပ်လက္ခဏာ ဖြစ်တယ်လို့ ပါမောက္ခ အွန်ဒရေ လန်ကော့ဗ် က ပြောပါတယ်။
"ဒါကို နိုင်ငံခြား ကုန်သွယ်ရေး ဝန်ကြီးဌာနက ပထမဆုံး လုပ်ခဲ့တာပါ၊ ဒါပေမဲ့ တခြား ဝန်ကြီးဌာနတွေ၊ ရုံးဌာနတွေ၊ ပါတီတွေ၊ အဖွဲ့ငယ်လေးတွေနဲ့ စွန့်ဦးတီထွင်သူတွေ လည်း အလားတူ လုပ်နိုင်ကြပါတယ်" လို့ သူက ပြောပါတယ်။
"ပုဂ္ဂလိက ကုမ္ပဏီတခုရဲ့ ပိုင်ရှင်ဟာ အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ် တဦး ဒါမှမဟုတ် လုံခြုံရေးအဖွဲ့က လူတဦးဦး ဒါမှမဟုတ် ငွေနဲ့ အဆက်အသွယ်တွေ ရှိသူ မြောက်ကိုရီးယား စွန့်ဦးတီထွင်သူ တစ်ဦးလည်း ဖြစ်နိုင်ပါတယ်" လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရုရှားမှာ ရှိတဲ့ မြောက်ကိုရီးယား စီးပွားရေးလုပ်ငန်းရှင် အတော်များများအတွက် ကုလသမဂ္ဂ ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ မနှစ်မြို့စရာ သတင်းဖြစ်ပါတယ်။
ပစိဖိတ် ကမ်းရိုးတန်းပေါ်က ဗလာဒီဗော့စ်တော့မြို့မှာ ရှိတဲ့ ယက်ဗ် စထရွိုင် ဆောက်လုပ်ရေး ကုမ္ပဏီဟာ မြောက်ကိုရီးယား အလုပ်သမား အများဆုံး အလုပ်လုပ်တဲ့ ကုမ္ပဏီကြီး ဖြစ်ပေမဲ့ ၂၀၁၇ ခုနှစ်မှာတော့ မြောက်ကိုရီးယား အလုပ်သမား ၄၀၀ ပဲ အလုပ်လုပ်ခွင့် လိုင်စင် ရခဲ့ပါတယ်။
နိုင်ငံခြားသား အလုပ်သမားတွေ မရှိရင် ဘယ်လိုမှ အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ စကြေညာပြီးပြီးချင်းမှာ အမည်မဖော်လိုတဲ့ ကုမ္ပဏီပြောခွင့်ရသူက ဘီဘီစီကို ပြောပါတယ်။
မော်စကိုမြို့မှာ ရှိတဲ့ Eastern Medicine ဆေးခန်းမှာ အရင်က မြောက်ကိုရီးယား ဆရာဝန် ၁၀ ဦးကို အလုပ်ခန့်ထားလေ့ ရှိပါတယ်။ ၂၀၁၈ ခုနှစ်မှာတော့ အလုပ်လုပ်ခွင့် ကိုတာ အရေအတွက်ကို ၄ ဦးအထိ လျှော့ချလိုက်ပါတယ်။
တကယ်လို့ အဲဒီ ဆရာဝန်တွေ အလုပ်ထွက်ရတော့မယ်ဆိုရင် ဆေးခန်းမှာ ဆေးကုခံနေတဲ့ လူနာတွေ ဒုက္ခရောက်သွားတော့မှာပါ။ လူနာအတော်များများက မသန်စွမ်း ကလေးငယ်လေးတွေပါ လို့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ စပြဌာန်းခဲ့ချိန်မှာ ဆေးခန်း ဒါရိုက်တာ နက်တာလီယာ ဇူကိုဗာ က ဘီဘီစီကို ပြောပါတယ်။
ကုလသမဂ္ဂ ဒဏ်ခတ် ပိတ်ဆို့မှုတွေထဲမှာ မြောက်ကိုရီးယားနဲ့ ပူးတွဲ စီးပွားရေးလုပ်ငန်းတွေ မလုပ်ဖို့ကိုလည်း တားမြစ်ထားပါတယ်။ ဒါပေမဲ့ ကုမ္ပဏီတချို့ကိုတော့ ခွင့်ပြုတာမျိုး ရှိပါတယ်။
ရာဆွန်ခွန်ထရန် ဆိုတဲ့ ရုရှား မြောက်ကိုရီးယား ပူးတွဲပိုင် နာမည်ကြီး ကုမ္ပဏီကြီး တစ်ခုကတော့ ကုလသမဂ္ဂ ဆုံးဖြတ်ပြဌာန်းချက်မှာ အထူး လိုက်လျောခွင့် ပေးခံထားရပါတယ်။ အဲဒီကုမ္ပဏီဟာ ရုရှားနိုင်ငံ အရှေ့ဖျားမှာ အရေးပါတဲ့ မီးရထားလမ်းနဲ့ ဆိပ်ကမ်း စီမံကိန်းကြီး တစ်ခု လုပ်ကိုင်နေတာပါ။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရုရှား တာဝန်ရှိပုဂ္ဂိုလ်တွေအနေနဲ့ မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ လျှော့ချပေးနိုင်မယ့် နည်းလမ်းတွေကို ရှာချင်နေတာ သိသာပါတယ်။
၂၀၁၈ ခုနှစ် ဧပြီလတုန်းက မော်စကိုမြို့မှာ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးနဲ့ ရှားရှားပါးပါး ထိပ်သီးဆွေးနွေးပွဲ တစ်ခုမှာ ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂေး လက်ဗ်ရော့ဗ် က ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ် ပြဌာန်းချက်ကို လိုက်နာ ဆောင်ရွက်သလို မြောက်ကိုရီးယားနဲ့ ရုရှား နှစ်နိုင်ငံ စီးပွားရေး ဆက်ဆံရေး တိုးတက်ဖို့ နည်းလမ်းတွေ ဆွေးနွေးခဲ့ကြတယ်လို့ ပြောပါတယ်။
ဒီလို လုပ်နိုင်မယ့် နည်းလမ်းတွေ ရှိတယ်လို့ သူကဆိုပါတယ်။
အလားတူ ရည်ရွယ်ချက်နဲ့ ရုရှား ပါလီမန်က ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ မြောက်ကိုရီးယားနိုင်ငံကို အခုလမှာ လာရောက် လည်ပတ်ခဲ့ပါတယ်။
ကျွန်တော်တို့ဟာ ချစ်ကြည်ရင်းနှီးတဲ့ အိမ်နီးချင်းတွေပါ၊ အောင်မြင်မှုတွေ ရဖို့ အချင်းချင်း ကူညီကြရမှာပါလို့ ခရီးစဉ်အပြီးမှာ ရုရှား ပါလီမန် အမတ် ကဘက်ဇ် တေဆာယက်ဗ် က ဘီဘီစီကို ပြောပါတယ်။
အထူးသဖြင့် နှစ်ပေါင်း ၇၀ လောက် မြောက်ကိုရီးယားအပေါ် ချမှတ်ခဲ့တဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေဟာ ရုရှားနိုင်ငံမှာလည်း ရိုက်ခတ်မှုတွေ အခုအခါ ရှိလာနေတယ်လို့ ဆိုပါတယ်။
မော်စကိုမြို့ ကော်ယို စားသောက်ဆိုင်က ဝန်ထမ်းတွေကတော့ အနာဂါတ်မှာ ဘယ်လို ဖြစ်လာမလဲ ဆိုတာနဲ့ ပတ်သက်လို့ ဘီဘီစီကို ပြောပြလိုပုံ သိပ်မရှိပါဘူး။
ဒါပေမဲ့ မြောက်ကိုရီးယား ဟင်းလျာ အရသာကို ကြိုက်နှစ်သက်သူတွေအနေနဲ့ အခုချိန် အခွင့်ရတုန်းမှာ မြောက်ကိုရီးယား အစာအစာတွေကို ကောင်းကောင်းစားထားကြဖို့ လိုပါလိမ့်မယ်။
ဘီဘီစီ ရုရှားဌာနက ပက်ထရာ ကော့ဇ်လော့ဗ်နဲ့ အနက်စ်တာရှာ ဂိုလူဘီဗာ တို့က ဖြည့်စွက် ရေးထားပါတယ်။












