ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေ ရေရှည် ကူညီပံ့ပိုးမှု လိုနေတယ်လို့ ကုလသမဂ္ဂပြော

ဓာတ်ပုံ ရင်းမြစ်, UNHCR/Will Swansont
ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် ရေရှည်ကူညီပံ့ပိုးမှုတွေ အရေးတကြီး လိုအပ်နေတယ်လို့ ဘင်္ဂလားဒေ့ရှ်ကို ရောက်လာတဲ့ ကုလသမဂ္ဂ အဆင့်မြင့်ကိုယ်စားလှယ်တွေက ပြောပါတယ်။
ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှုဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ်နဲ့ အရေးပေါ်ထောက်ပံ့ရေးဆိုင်ရာ ညှိနှိုင်းရေးမှူး မတ်လိုးကော့၊IOM နိုင်ငံတကာရွှေ့ပြောင်းနေထိုင်သူများ ဆိုင်ရာအဖွဲ့ရဲ့ ညွှန်ကြားရေးမှူးချုပ် အန်တိုနီယို ဗီတိုရီနိုနဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပို ဂရန်ဒီတို့ရဲ့ ဘင်္ဂလားဒေ့ရှ် ခရီးစဉ်အပြီး ဧပြီလ ၂၆ ရက်က ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။
သူတို့ဟာ ကော့စ်ဘဇားက ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့ပြီး ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေအတွက် မြန်မာနိုင်ငံမှာ လုံခြုံမှုရှိပြီး ရေရှည်တည်တံ့တဲ့ ပြေလည်မှုရရှိရေး သူတို့ တစိုက်မတ်မတ် ဆက်ဆောင်ရွက်သွားမယ်ဆိုတာကို ထပ်လောင်းပြောဆိုခဲ့ပြီး ဒုက္ခသည်တွေ ပြန်သွားနိုင်တဲ့ အခြေအနေတွေ ဖြစ်အောင် ကုလသမဂ္ဂက ကြိုးပမ်းဆောင်ရွက်မယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
နောက်ပြီး ဘင်္ဂလားဒေ့ရှ်အရှေ့တောင်ပိုင်း ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြတဲ့ ဒုက္ခသည်တွေအတွက် အဓိက လိုအပ်ချက်တွေကို ဆက်ပြီး ထောက်ပံ့ကူညီကြဖို့ နိုင်ငံတကာကို သူတို့က တောင်းဆိုခဲ့ကြပါတယ်။
ဒုက္ခသည် တစ်ဝက်လောက်ဖြစ်တဲ့ ၅ သိန်းကျော်ဟာ အသက် ၁၂ နှစ်အောက် ကလေးတွေ ဖြစ်ပြီး သူတို့ဟာ ပညာသင်ကြားခွင့် ဆုံးရှုံးနေတယ်လို့ ဆိုပါတယ်။ ကျန်လူတွေထဲကလည်း အနည်းအကျဉ်းလောက်ပဲ ကျောင်းနေခွင့်ရကြတယ်လို့ ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာ ရိုဟင်ဂျာဒုက္ခသည် ကိုးသိန်းကျော်ရှိပြီး အများစုက ၂၀၁၇ မှာ မြန်မာနိုင်ငံက ပြေးလာသူတွေဖြစ်တယ်၊ ဒါဟာ ကမ္ဘာမှာ အကြီးဆုံး ဒုက္ခသည် အကျပ်အတည်းဖြစ်တယ်၊ ဒုက္ခသည်တွေရဲ့ အခြေအနေ အတော်လေးတိုးတက်လာတာကို တွေ့ရပေမယ့် ကလေးတွေနဲ့ အမျိုးသမီးတွေရဲ့ အခြေအနေက ထိလွယ်ရှလွယ် ဖြစ်နေတုန်းပဲလို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပို ဂရန်ဒီက ပြောပါတယ်။
ဒီဒုက္ခသည် အကျပ်အတည်းကို အမေ့ခံ အကျပ်အတည်းတစ်ခု ဖြစ်မသွားအောင် အခြေအနေတွေကို ဆက်ပြီး ထောက်ပြ ပြောဆိုနေမှာပါ။ ဒုက္ခသည်တွေအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရက ငွေအားလူအား စိုက်ထုတ်ပံ့ပိုးထားရတဲ့အတွက် ဒီအကျပ်အတည်းကို အဖြေရှာဖို့ ဒုက္ခသည်တွေကိုယ်တိုင်နဲ့ သူတို့အသိုင်းအဝိုင်းကလည်း ကြိုးစားရမှာ ဖြစ်တယ်လို့ မစ္စတာ ဂရမ်ဒီက ပြောခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
ဒီဒုက္ခသည်အရေးဟာ ၂ နှစ်နီးပါး ကြာလာပြီဖြစ်လို့ သူတို့ မြန်မာနိုင်ငံကို ပြန်သွားဖို့ ပြင်ဆင်နေချိန်မှာ သူတို့ကို အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာတွေ သင်ကြားနိုင်ဖို့၊ သူတို့ အသိုင်းအဝိုင်းကို သူတို့ ပြန်ကူညီနိုင်ဖို့ အခွင့်အရေးတွေပေးရမယ်လို့ မစ္စတာ ဂရန်ဒီက ပြောခဲ့ပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အနာဂတ်ဟာ မရေရာဘူးလို့လည်း သူက ဆိုပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေထဲမှာ လူငယ်တွေ အများအပြားပါတာကြောင့် သူတို့လိုအပ်နေတဲ့ အခွင့်အလမ်းနဲ့မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးရင် မြန်မာနိုင်ငံကို ပြန်တဲ့အခါ ဘ၀ကို အောင်အောင်မြင်မြင်တည်ဆောက်နိုင်မယ်လို့ IOM နိုင်ငံတကာရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ အဖွဲ့ရဲ့ ညွှန်ကြားရေးမှူးချုပ် အန်တိုနီယို ဗီတိုရီနိုက ပြောခဲ့ပါတယ်။
အခုကတည်းက ရုပ်ပိုင်း စိတ်ပိုင်း ထိခိုက်မှုတွေရှိနေတဲ့ ထောင်နဲ့ ချီတဲ့ အမျိုးသမီး၊ ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေဟာ လာမယ့် မုတ်သုန်ရာသီနဲ့ နောက်ပိုင်းဆိုင်ကလုန်းကာလရောက်ရင် ရေကြီးတာ၊ မြေပြိုတာနဲ့ ကူးစက်ရောဂါဖြစ်ပွားလာမယ့် အန္တရာယ်တွေကို ရင်ဆိုင်ရဖို့ရှိနေတယ်လို့ ခရီးစဉ်အပြီး သူတို့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီအတွက် ပြင်ဆင်နိုင်အောင် နိုင်ငံတကာက နောက်ထပ် ကူညီနိုင်မယ့် နည်းလမ်းတွေကို ကုလသမဂ္ဂခေါင်းဆောင်တွေက ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ ဆွေးနွေးခဲ့ကြပါတယ်။ ဒီလို ကူညီပံ့ပိုးရာမှာ ဒုက္ခသည်တွေတင်မက ဒေသခံတွေကိုပါ ကူညီဖို့ သူတို့က ပြောဆိုခဲ့ပါတယ်။












