တစ်နာရီ ၁၂၅ မိုင်နှုန်းနဲ့ တိုက်တဲ့မုန်တိုင်းကြောင့် သြရိသမှာ ရေကြီးမြေပြို

ဓာတ်ပုံ ရင်းမြစ်, Reuters
အိန္ဒိယ နိုင်ငံ အရှေ့တောင်ဘက် ကမ်းရိုးတန်းကို အင်အားပြင်း ဆိုင်ကလုန်း ၀င်တိုက်ခဲ့လို့ မိုးသည်းထန်နေပြီး လေတိုက်နှုန်းကလည်း တနာရီကို ၁၂၅မိုင် ရှိခဲ့လို့ မြေပြိုမှုတွေ အကြီးအကျယ် ဖြစ်ပွားခဲ့ပါတယ်။
အာဏာပိုင်တွေ အပြောအရ မုန်တိုင်းဒဏ်ကြောင့် သေဆုံးသူ သုံးယောက် ရှိသွားခဲ့ပါပြီ။
နိုင်ငံ အရှေ့ပိုင်းက သြရိသ ပြည်နယ်မှာ ဆိုရင် လူတသန်းကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းထားရပါတယ်။
မေလ၃ရက် သောကြာနေ့ ဒေသစံတော်ချိန် မနက် ၈နာရီ အချိန်မှာ ၀င်ရောက်ခဲ့တဲ့ ဒီမုန်တိုင်းဟာ ခုနှစ်ပိုင်းတွေ အတွင်း တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းတွေ အနက် အပြင်းထန်ဆုံး ဖြစ်ပါတယ်။
ရေကြီးမှုတွေလည်း နေရာတော်တော်များမှာ ဖြစ်ပွားခဲ့ပြီး အနိမ့်ပိုင်း ဒေသတွမှာ ဆိုရင် ရေငါးပေ အမြင့်အထိ ၀င်ရောက်နိုင်တယ်လို့ မိုးလေဝသ ပညာရှင်တွေက ခန့်မှန်းထားပါတယ်။
ကမ္ဘာလှည့် ခရီးသွားတွေ အလာများတဲ့ ပူရီမြို့မှာ ဆိုင်ကလုန်းဒဏ်ကြောင့် မြေပြိုမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
ပူရီမြို့ဟာ နှစ်ပေါင်း ၈၅၀ ကျော်က Shree Jagannath ရှရီဂျဂန်နက်သ် ဟိန္ဒူ ဘုရားကျောင်း ကြောင့်လည်း ကမ္ဘာမှာ လူသိများ ထင်ရှားလှပါတယ်။
အိန္ဒိယနိုင်ငံမှာ အဆင်းရဲဆုံး ပြည်နယ် တခုဖြစ်တဲ့ သြရိသ ပြည်နယ်က ဒေသ ၁၅ခုလောက်မှာ မုန်တိုင်းဒဏ် ခံရနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

လက်ရှိ မုန်တိုင်းအခြေအနေ
အိန္ဒိယနိုင်ငံ အရှေ့တောင်ပိုင်းမှာ အခုအခါ လေကြောင်းနဲ့ ရထား ခရီးစဉ် အတော်များများကို ဖျက်သိမ်းထားပြီး ကျောင်းတွေ အစိုးရရုံးတွေလည်း ပိတ်ထားပါတယ်။
ဒါ့အပြင် နိုင်ငံအရှေ့ပိုင်း ကမ်းရိုးတန်းက ဆိပ်ကမ်း သုံးခုမှာလည်း လုပ်ငန်းတွေ ရပ်ဆိုင်းထားပါတယ်။
ရေတပ်က သင်္ဘောတွေနဲ့ ရဟတ်ယာဉ်တွေလည်း ကျန်းမာရေးဝန်ထမ်း၊ ကယ်ဆယ်ရေး သမားတွေနဲ့ အတူ အသင့်ရှိနေကြပါပြီ ။ ပြန်လည် နေရာချထားရေး နဲ့ ကယ်ဆယ်ရေး ဌာနက အဖွဲ့တွေကိုလည်း နေရာတော်တော်များများမှာ တာဝန်ချထားပါတယ်။
မုန်တိုင်း အတော်ကြီးအင်အားပြင်းနိုင်တာကြောင့် ပင်လယ်ထဲကို မထွက်ကြဖို့ အထူးသဖြင့် ရေလုပ်သားတွေ၊ လှေသင်္ဘောတွေ ကမ်းကပ်နေကြဖို့ အိန္ဒိယ အရှေ့ဘက် ကမ်းတလျှောက်မှာ ရေကြောင်း အာဏာပိုင်တွေက သတိပေးချက် ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
တဲအိမ်တွေဆို မုန်တိုင်းဒဏ်ကြောင့် လုံး၀ ပျက်စီး သွားနိုင်ပြီး တချို့ ခိုင်မာမှု မရှိတဲ့ အဆောက်အအုံတွေဆို ပြိုကျနိုင်တယ်လို့ ဘေးအန္တရာယ် ဆိုင်ရာ အေဂျင်စီက ထုတ်ပြန်ထားပါတယ်။
ဆိုင်ကလုန်း မုန်တိုင်းဟာ မနက်ဖြန် မေလ ၄ ရက် စနေနေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့ကို ဝင်ရောက်ကာ အားပျော့ သွားနိုင်တယ်လို့ မိုးလေဝသ ပညာရှင် တွေက ခန့်မှန်းထားပါတယ်။
တချိန်တည်းမှာ လှိုင်းကြီး လေထန်မှုတွေကြောင့် ရေလွှမ်းမိုးမှု ပြဿနာနဲ့လည်း ရင်ဆိုင်ရနိုင်တယ်လို့ ဆိုပါတယ်။
သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ နေထိုင်ရာ စခန်းရှိရာ ကော့ဆပ်ဘဇားက ဆိပ်ကမ်း မှာလည်း အရေးပေါ် သတိပေးချက် ထုတ်ထားပေမယ့် ဆိုင်ကလုန်း လမ်းကြောင်း မပြောင်းသရွေ့ အဲ့ဒီစခန်းကို မုန်တိုင်း၀င်နိုင်ဖွယ် မရှိသေးဘူးလို့ မှန်းထားကြပါတယ်။

အိန္ဒိယက မုန်တိုင်းအန္တရာယ်ကို ဘယ်လို ပြင်ထားသလဲ
အိန္ဒိယမှာ ဆိုင်ကလုန်းရာသီအတွက် ဖေဖော်ဝါရီ လလောက်ကတည်းက နိုင်ငံတကာ ကြက်ခြေနီ အသင်းနဲ့ လခြမ်းနီ အသင်းတို့က တာပေါ်လင် စတွေ ဝေငှ ထားခဲ့ပါတယ်။ တကယ်လို့ ပြင်းထန်တဲ့ မုန်တိုင်း ၀င်လာလို့ အသေအပေျာက်တွေ တိုးတဲ့ အခြေအနေ ဖြစ်လာရင် ဝါးတိုင်တွေ ပလတ်စတစ် အခင်းအကာတွေ ထပ်မံ ဖြန့်ဖြူး ပေးဖို့ စီစဉ်သွားမယ်လို့ အသိပေးခဲ့ပါတယ်။
ကမ်းစောင့်တပ်နဲ့ ဘေးအန္တရာယ် ကာကွယ်ရေး တပ်ဖွဲ့၀င်တွေ အားလုံးကိုလည်း တာဝန် ချထားပါတယ်။
ဒါ့အပြင် ရေငုပ်သမားတွေ ဆရာဝန်တွေ ပါတဲ့ သင်္ဘောနှစ်စင်း ကိုလည်း တောင်ပိုင်းက ဆိပ်ကမ်း မြို့တွေ ဖြစ်တဲ့ ဗစ်ရှာခါပါတနမ် နဲ့ ချန်နိုင်း မြို့တို့မှာ အသင့်စောင့်နေကြပြီလို့ အာဏာပိုင်တွေက ပြောကြောင်း ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြထားပါတယ်။
အိန္ဒိယမှာ ၂၀၁၇ တုန်းကလည်း ဆိုင်ကလုန်း အော်ခီ ဒဏ်ကြောင့် လူနှစ်ရာကျော် သေဆုံးခဲ့ရပြီး လူတွေ ရာနဲ့ချီ အိုးအိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။
မနှစ် အောက်တိုဘာတုန်းကလည်း သြရိသ ပြည်နယ်မှာ ဆိုင်ကလုန်း ၀င်မွှေခဲ့လို့ သိန်းနဲ့ချီတဲ့လူတွေကို ဘေးလွတ်ရာ ပြောင်းပေးခဲ့ရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
အိန္ဒိယမှာ သဘာ၀ ဘေးအန္တရာယ် ကာကွယ်ရေးနဲ့ ပတ်သက်လို့ ဆောင်ရွက်မှုတွေ ခုနှစ်ပိုင်းတွေ အတွင်း အထိုက်အလျှောက် တိုးတက်မှု ရှိလာပြီ ဖြစ်ပါတယ်။
၁၉၉၉ ခုနှစ်တုန်းကလည်း အဆိုးရွားဆုံး ဆိုင်ကလုန်းမုန်တိုင်းဒဏ် ခံခဲ့ရကာ လူပေါင်း တသောင်း နီးပါး အသက်ဆုံးရှုံးခဲ့ပါတယ်။
အခုမုန်တိုင်းတိုက်ချိန်ဟာ အိန္ဒိယမှာ အဆင့်ဆင့် အကြိမ်ခွဲ ကျင်းပနေတဲ့ အထွေထွေ ရွေးကောက်ပွဲ ကို ပြီးခဲ့တဲ့ လကတည်းက ကျင်းပနေချိန်လည်း ဖြစ်ပါတယ်။
အခုလို သဘာ၀ ဘေးဆိုးဒဏ် ခံစားရချိန်မှာ အစိုးရ အနေနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေ အာရုံစိုက်နိုင်အောင် ရွေးကောက်ပွဲ ကော်မရှင်က အစိုးရ လိုက်နာရမယ့် စည်းမျဉ်း ဥပဒေတွေကို လျှော့ပေါ့ စဉ်းစားပေးခဲ့ပါတယ်။
ပုံမှန် အခြေအနေမျိုးမှာ ဆိုရင်တော့ မဲပေးနေတဲ့ ရွေးကောက်ပွဲ ကာလအတွင်း အုပ်ချုပ်နေတဲ့ အစိုးရ အနေနဲ့ ဆုံးဖြတ်ချက်သစ်တွေ စီမံကိန်းသစ် တွေ ကို ချမှတ် ကြေညာနိုင်ခြင်း မရှိအောင် လုပ်ပိုင်ခွင့် အာဏာ တချို့ကို ဆိုင်းငံ့ထားကာ ကန့်သတ် ထားလေ့ရှိတာ ဖြစ်ပါတယ်။
မေလကုန်ထိ ရွေးကောက်ပွဲကို ဆက်လက် ကျင်းပမှာ ဖြစ်ပေမယ့် အခု မုန်တိုင်းသင့်တဲ့ အိန္ဒိယ နိုင်ငံက သြရိသ ပြည်နယ်မှာတော့ ပြည်သူတွေက မဲပေးခဲ့ကြပြီး ဖြစ်ပါတယ်












