မီးလောင်လို့ ပြန်ဆင်းလာခဲ့တဲ့ အေရိုဖလုတ်လေယာဉ်က လူ ၄၁ဦး သေဆုံး
ရုရှားခရီးသည်တင် လေယာဉ်ဟာ မော်စကို Sheremetyevo လေဆိပ်ကနေ ပျံတက်ပြီး နာရီဝက်လောက် အကြာမှာ မီးလောင်ကျွမ်းခဲ့တာကြောင့် အရေးပေါ်ပြန်ဆင်းခဲ့ရပြီးတဲ့နောက် လူ ၄၁ ဦး သေဆုံးခဲ့ပါတယ်။
မီးလောင်နေတဲ့ အဲရိုဖလုတ် လေယာဉ်ပေါ်ကနေ အရေးပေါ်ထွက်ပေါက်က လူတွေ လျှောဆင်းလာခဲ့တာကို ဗီဒီယိုမှာတွေ့ခဲ့ရပါတယ်။
လေယာဉ်ပျံသန်းနေတုန်းမှာ မိုးကြိုးထိမှန်ခဲ့တယ်လို့ အသက်ရှင် လွတ်မြောက် လာခဲ့သူတွေက ယူဆပြောဆိုကြပေမယ့် ရုရှာအစိုးရပိုင် အဲရိုဖလုတ် လေကြောင်းလိုင်းကတော့ စက်ချို့ယွင်းလို့ ပြန်ဆင်းခဲ့ရတာလို့ ဆိုပါတယ်။
သေဆုံးသူတွေထဲမှာ ကလေးငယ် နှစ်ဦးပါပါတယ်။ လေယာဉ်ပေါ်မှာ ခရီးသည် ၇၃ ဦးနဲ့ လေယာဉ်ဝန်ထမ်း ၅ ဦး ပါသွားတာဖြစ်ပါတယ်။
စောစောပိုင်းသတင်းတွေအရ လေယာဉ်ဟာ မီးလောင်းပြီး ဆင်းလာခဲ့တာလို့ ယူဆရပေမယ့် ရုရှား သတင်းဌာန အင်တာဖက်စ်ရဲ့ ကိုးကားချက်တွေအရ လေယာဉ်ဆောင့်ဆောင့်ပြီး ဆင်းလာခဲ့ပြီးတဲ့နောက် မီးလောင်ခဲ့တာလို့ ဆိုပါတယ်။
လေယာဉ်ဟာ လေယာဉ်ဆီအပြည့်နဲ့ ပြန်ဆင်းလာခဲ့တာဖြစ်ပါတယ်။ လေယာဉ်အမှုထမ်းတွေကတော့ လေယာဉ်ထိန်းသိမ်းရေးစခန်းနဲ့ အဆက်အသွယ်ပြတ်သွားခဲ့ပြီး မော်စကိုမြို့ပေါ်မှာ လေယာဉ်ဆီတွေကို ဖွင့်ချဖို့ကလည်း အန္တရာယ်များလွန်းလို့ အခုလိုပြန်ဆင်းဖို့ ဆုံးဖြတ်ခဲ့တာလို့ အင်တာဖက်စ်က ကိုးကားဖေါ်ပြပါတယ်။
အသက်ရှင်ကျန်ခဲ့သူ ၃၇ ဦးအနက် ၄ ဦးက လေယာဉ်အမှုထမ်းတွေဖြစ်တယ်လို့ လေယာဉ်မီးလောင်မှုနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးနေတဲ့အဖွဲ့မှာပါတဲ့ အရာရှိတဦးက ပြောပါတယ်။
လူ ၅ ဦးကို ဆေးရုံတင်ကုသနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒီလေယာဉ်မီးလောင်းတာနဲ့ပတ်သက်လို့ အထူးကော်မီတီတရပ်ဖွဲ့စည်းစုံစမ်းဖို့ ရုရှားဝန်ကြီးချုပ် ဒီမီထရီ မက်ဗီဒေ့က အမိန်းပေးခဲ့ပါတယ်။
လေယာဉ်ဘာဖြစ်ခဲ့တာလဲ
Sukhoi ဆူပါဂျက် ၁၀၀ အမျိုးအစားလေယာဉ်ဟာ ဒေသအချိန် ညနေ ၆ နာရီ ၂မိနစ်မှာ Murmansk ကိုသွားဖို့ မော်စကိုလေဆိပ်ကနေ ပျံတက်ခဲ့ပါတယ်။
ပျံတက်ပြီး သိပ်မကြာခင် ရာသီဥတုဆိုးရွားတာကြောင့် စက်ချိုံ့ယွင်းတယ်လို့ လေယာဉ်အမှုထမ်းက သတင်းပို့ခဲ့ပါတယ်။
လေဆိပ်ကို အရေးပေါ်ဆင်းသက်ခဲ့ပြီးတဲ့နောက် ပြေးလမ်းပေါ်မှာ လေယာဉ်အင်ဂျင်တွေ မီးလောင်ခဲ့တယ်လို့ အေရိုဖလုတ်လေကြောင်းလိုင်းက ပြောပါတယ်။
ခရီးသည်တွေ အန္တရာယ်ကင်းအောင် လေယာဉ်အမှုထမ်းတွေက အတတ်နိုင်ဆုံး ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ဒါပေမယ့် ပျံတက်ပြီး မကြာခင် လေယာဉ်ကို မိုးကြိုးထိမှန်ခဲ့တယ်လို့ အသက်ရှင် လွတ်မြောက်လာခဲ့တဲ့ ခရီးသည် Petr Egorov ရဲ့ အပြောကို ကိုးကားပြီး ရုရှားနေ့စဉ် သတင်းစာ Komsomolskaya Pravda က ဖေါ်ပြခဲ့ပါတယ်။ အဆင်းကြမ်းတဲ့ အတွက် ကြောက်လွန်းလို့ သတိမေ့မတတ်ဖြစ်ခဲ့ရတယ်လို့ ခရီးသည်က ပြောပါတယ်။

အေရိုဖလုတ်လေကြောင်းက အသက်ရှင်ရစ်သူစာရင်းကို ထုတ်ပြန်ခဲ့ပါတယ်။ သေဆုံးသူတွေရဲ့ ကျန်ရစ်သူ မိသားစုတစုကို ရူဘယ်ငွေ တစ်သန်း ( အမေရိကန်ဒေါ်လာ ၁၅၃၀၀ ) နဲ့ ဆေးရုံတင်ကုသခံရသူတဦးကို ရူဘယ်ငွေ ၅ သိန်းပေးမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ဘယ်လိုလွတ်မြောက်လာကြသလဲ
ခရီးသည် Mikhail Savchenko က လေယာဉ်ပြေးလမ်းပေါ် မီးလုံးကြီးအ ဖြစ် ပေါက်ကွဲ လောင်ကျွမ်းချိန်မှာ လေယာဉ်ပေါ်က သူခုန်ဆင်းနိုင်ခဲ့တယ်လို့ ပြောပါတယ်။
နောက် အသက်ရှင် လွတ်မြောက်လာသူတဦးဖြစ်တဲ့ Dmitry Khlebushkin ကတော့ လေယာဉ်အမှုထမ်းတွေကို ကျေးဇူးတင်တယ်၊ သူတို့ကြောင့် အသက်ရှင်ရတာလို့ ပြောပါတယ်။
ရုရှားသမ္မတ ပူတင်က သေဆုံးသူတွေအတွက် ဝမ်းနည်းကြောင်း ဖေါ်ပြပြောဆိုခဲ့ပါတယ်။ Murmansk မြို့မှာ ဝမ်းနည်းခြင်းအထိမ်းအမှတ် ၃ ရက် ကြေညာထားပါတယ်။
မိုးကြိုးထိမှန်လို့ လေယာဉ်ပျက်ကျနိုင်သလား
နှစ်စဉ် သန်းနဲ့ချီပျံသန်းနေကြတဲ့ ခရီးသည်တင်လေယာဉ်တွေ မိုးကြိုးထိမှန်ခံရတာ သိပ်မဆန်းပါဘူး။
သာမန်အားဖြင့် လေယာဉ်တွေဟာ အလျူမီနီယမ်ကိုသုံးပြီး တည်ဆောက်ထားတာကြောင့် ပုံမှန်အားဖြင့် မိုကြိုးပစ်တာကို ခံနိုင်ရည်ရှိကြပါတယ်။ မိုးကြိုးထိမှန်တဲ့အခါ လျှပ်စစ်ဓါတ်ကို လေယာဉ်ထဲမရောက်အောင် အလျူမီနီယမ်က လေယာဉ်အပြင်ကနေ သားရေတခုလို လွှမ်းခြုံထားတာကြောင့် လေယာဉ်ဟာ ထိခိုက်မှုမရှိဘဲ လိုရာခရီးကို အန္တရာယ်ကင်းကင်းနဲ့ ခရီးဆက်နိုင်ပါတယ်။
ပိုပြီးပေါ့အောင် ကာဘွန် ဖိုင်ဘာလို လျှပ်စီးမှု နည်းတဲ့ ပစ္စည်းတွေသုံး တည်ဆောက်ထားတဲ့ တချို့ လေယာဉ်သစ်တွေမှာတော့ မိုးကြိုးဒဏ်ကာကွယ်ဖို့ လေယာဉ်အပြင်ဘက်ကိုယ်ထည်မှာ ပိုက်ကွန်လို ဝိုင်ယာနန်းကြိုးတွေ ယှက်သန်းတပ်ဆင်ဖို့ လိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒါအပြင် မိုးကြိုးပစ်ခံရရင် လေယာဉ်ဆီတိုင်ကီကို ထိပြီး မီးမလောင်နိုင်အောင် ဆီတိုင်ကီနဲ့ သူ့ကို ဆက်သွယ်တဲ့ အီလက်ထရွန်နစ် ဆက်သွယ်မှုတွေ ဝါယာကြိုးတွေကို ထူထူထဲထဲ ကာရံ အကာအကွယ်ပေးတည်ဆောက်ထားပါတယ်။
မိုးကြိုးထိမှန်လို့ စက်ချို့ယွင်းမှုတွေ ဖြစ်နိုင်ပြီး ဒီလိုဖြစ်လာရင် ကြိုတင်ကာကွယ်တဲ့ အနေနဲ့ လမ်းကြောင်းပြောင်းပြီး အရေးပေါ် ဆင်းသက်ရတာမျိုးတွေ ရှိပါတယ်။
ဒါကြောင့် ဒီလို မိုးကြိုးထိခိုက်မှန်ပြီး လေယာဉ်ပျက်တဲ့ ဖြစ်ရပ်မျိုးကတော့ ရှားပါတယ်။
ဒါပေမယ့် လေယာဉ် မိုကြိုးပစ်ခံရတာကို ခရီးသည်တွေ သတိပြုမိနိုင်သေးပါတယ်။ လေယာဉ်ထဲမှာရှိတဲ့ ခရီးသည်တွေ ပေါက်ကွဲသံလို အသံကျယ်ကြီး ကြားကောင်းကြားနိုင်သလို ဒါမှမဟုတ် လျှပ်စီးလက်တဲ့ တောက်ပတဲ့ အလင်းရောင်ကိုလည်းမြင်ရနိုင်ပါတယ်။













