သတ္တမမြောက်နန်းလျာလေးကို ပထမဆုံး ဗြိတိန်လူထုမြင်တွေ့ရ
ဆပ်ဆက်စ် မြို့စားကြီးမင်းသားဟယ်ရီနဲ့ နဲ့ မြို့စားကတော် မီဂန်တို့ သူတို့ရဲ့ မွေးကင်းစ သားတော်လေးကို ပထမဆုံးအကြိမ် လူထုကို ထုတ်ပြခဲ့ပါတယ်။
အဖြူရောင် ခြုံလွှာလေးနဲ့ ထွေးထားတဲ့ သူ့သားလေးဟာ အေးဆေးပြီး နှစ်သက်စရာအကောင်းဆုံး ပင်ကိုယ်စိတ်ထားရှိတယ်၊ သူဟာ အိပ်မက်ကလေးပါလို့ မိခင်ဖြစ်သူ မီဂန်က ပြောခဲ့ပါတယ်။
သူအဲဒီစိတ်ထား ဘယ်သူဆီကရသလဲမသိဘူးလို့ အဖေဖြစ်တဲ့ မင်းသား ဟယ်ရီ ပြောလိုက်ရာမှာတော့ နှစ်ဦးစလုံး သဘောကျပြီရယ်မောခဲ့ကြပါတယ်။
ဘုရင်မကြီးဟာ မကြာခင်မှာ သူရဲ့ ၈ ယောက်မြောက် မြစ်တော်လေးကို တွေ့မယ်လို့ သူတို့က အတည်ပြုပြောကြားခဲ့ပါတယ်။
လွန်ခဲ့တဲ့ ရက်ပိုင်းကမှ မိဘအဖြစ်ကို ရောက်လာခဲ့ကြတဲ့ အတွေ့အကြုံနဲ့ပတ်သက်လို့ မီဂန်က အံသြကြည်နူးစရာပါ၊ ကျွန်မရဲ့ ဘ၀မှာ အကောင်းဆုံး အမျိုးသားနှစ်ဦးကို ပိုင်ဆိုင်ထားတာမို့ သိပ်ကို ပျော်ပါတယ်လို့ ပြောခဲ့ပါတယ်။
မင်းသားဟယ်ရီကလည်း မိဘဖြစ်ရတာ ကြည်နူး အံ့သြစရာကောင်းပါတယ်။ အခု နှစ်ရက်ကျော်ကျော်ပဲ ရှိသေးပေမယ့် ကိုယ်ပိုင် ချစ်စရာ ပျော်ရွှင်စရာ သားလေးခဲ့တာရကြောင့် နှစ်ဦးစလုံး ပီတိဖြစ်ရပါတယ် လို့ ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, PA
ကလေးနဲ့ ဘယ်သူနဲ့ ပိုတူသလဲလို့ မေးရာမှာ မင်းသားဟယ်ရီ က မွေးစကလေးတွေဟာ နှစ်ပတ်ကျော်ကျော် အချိန်အတွင်း အရမ်းပြောင်းလဲတတ်တယ်လို့ လူတိုင်းက ပြောကြတယ်လို့ ပြန်ပြောခဲ့ပါတယ်။
လာမယ့် လတွေမှာ ဘယ်လိုပြောင်းလဲလာမလဲ ကျွန်တော်တို့ စောင့်ကြည့်ရမှာပါ။ ဒါပေမယ့် သူ့ပုံပန်းက နေ့တိုင်းပြောင်းနေတယ်ဆိုတော့ မသိနိုင်ဘူးလေလို့ ဟယ်ရီက ပြောခဲ့ပါတယ်။
သူတို့အတွက် ဆုတောင်းမေတ္တာပို့သပေးခဲ့ကြသူ အာလုံးကို ကျေးဇူးတင်ပါတယ်လို့ မီဂန်က ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, PA

သတ္တမမြောက် နန်းလျာဖြစ်တဲ့ သားကို ပြီးခဲ့တဲ့ မေလ ၆ ရက်နေ့ မနက် ၅ နာရီ ၂၆ မိနစ်မှာ မွေးဖွားခဲ့ပြီး မွေးစမှာ အလေးချိန် ၇ ပေါင် ၉ အောင်စရှိပါတယ်။
ဟယ်ရီရဲ့ အကို၊ ကလေး သုံးယောက် ဖခင် မင်းသားဝီလျံက အိပ်ရေးတွေ ပျက်ရတော့မယ့် မိဘတွေအဖြစ်ရောက်လာခဲ့တဲ့ သူ့ညီတော်ကိုကြိုဆိုကြောင်းနဲ့ မကြာခင်မှာ ဟယ်ရီတို့ မိသားစုနဲ့ တွေ့မယ်လို့ ပြောခဲ့ပါတယ်။

အဘိုးဖြစ်တဲ့ ဝေလမင်းသားကြီး ချားစ်ကလည်း မြေးတော်လေး မွေးဖွားခဲ့တာအတွက် ပျော်ရွှင်ကြည်နူးကြောင်း ဖော်ပြခဲ့ပါတယ်။
မီဂန်ရဲ့မိခင်ကလည်း သူရဲ့ ပထမဆုံး မြေးလေးရလို့ အလွန်ပျော်ရွှင်ဝမ်းမြောက်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။














