စပီကာတွေအထဲ ဝှက်ပြီးသယ်လာတဲ့ ဆေးပြားတွေကို သြစတြေးလျမှာ မိ

The vacuum-packed packages of the drugs inside the stereo speakers

ဓာတ်ပုံ ရင်းမြစ်, AUSTRALIAN BORDER FORCE

ဓာတ်ပုံ ပုံစာ, Crystal methamphetamine is Australia's most common illicit drug
ရေးသားခဲ့သည်။

သြစတြေးလျမှာ အကြီးဆုံး မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုကြီး တစ်ခု ပြုလုပ်ခဲ့တယ်လို့ ရဲတွေက ကြေညာပါတယ်။ အဲဒါကတော့ အမေရိကန်ဒေါ်လာ သန်း ၈၄၀ ဖိုးလောက်တန်ဘိုးရှိတဲ့ မက်သာဖီတမ်းဆေးပြားတွေကို စတီရီယို စပီကာ ပုံးတွေထဲမှာ ဝှက်ပြီး သင်္ဘောနဲ့ တင်လာတာကို မဲလဘုန်း ဆိပ်ကမ်းမှာ ဖမ်းမိခဲ့တာပါ။

ဒီ ဆေးပြားတွေဟာ ထိုင်းနိုင်ငံက တင်ပို့လာတာဖြစ်တယ်လို့ ရဲတွေက ပြောပါတယ်။ သောကြာနေ့ နေ့လယ်ပိုင်းအထိတော့ ဖမ်းဆီးမှုတွေ မလုပ်ရသေးဘူးလို့ ဆိုပါတယ်။

မက်သာဖီတမင်းဆေးပြားကို ice လို့လည်း အများက သိကြ ခေါ်ကြပါတယ်။ ဒီ ဆေးပြားတွေဟာ သြစတြေးလျမှာ အများဆုံး ဖမ်းမိတဲ့ ဆေးပြားမျိုးဖြစ်ပြီး လူတွေ အများဆုံးသုံးကြတဲ့ ဆေးမျိုး ဖြစ်တယ်လို့လည်း ရဲက ပြောပါတယ်။

အခုဖမ်းမိတဲ့ ဆေးပြား ပမာဏဟာ ၁.၆ တန်ရှိပြီး ဗစ်တိုးရီးယားပြည်နယ်မှာ ပြီးခဲ့တဲ့တစ်နှစ်လုံး ဖမ်းမိတဲ့ စုစုပေါင်း အရေအတွက်ရဲ့ ၁၃ ရာခိုင်နှုန်းလောက်ရှိတယ်လို့ ဆိုပါတယ်။

ဘန်ကောက်က တင်ပို့လာတဲ့ ကုန်ပစ္စည်းသေတ္တာတွေကို X-ray စက်နဲ့ စစ်ဆေးကြည့်ရာက မသင်္ကာဖွယ် ပစ္စည်းတွေကို တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီ ဆေးပြားတွေနဲ့အတူ ဘိန်းဖြူ ၃၇ ကီလိုဂရမ်ကိုလည်း စပီကာတွေထဲမှာ ပလပ်စတစ်အိတ်နဲ့ လေလုံအောင် ထုပ်ပြီး သယ်လာတာတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

စပီကာ ပုံးတွေအထဲမှာ ပလပ်စတစ်နဲ့ ထုပ်ပြီး သယ်လာတဲ့ ဆေးပြားတွေ။

ဓာတ်ပုံ ရင်းမြစ်, AUSTRALIAN FEDERAL POLICE

ဓာတ်ပုံ ပုံစာ, စပီကာ ပုံးတွေအထဲမှာ ပလပ်စတစ်နဲ့ ထုပ်ပြီး သယ်လာတဲ့ ဆေးပြားတွေ။

အခုတခေါက် ဖမ်းမိတဲ့ ဆေးပြားတွေဟာ သြစတြေးလျနိုင်ငံသမိုင်းမှာ အကြီးဆုံးဖမ်းမိတဲ့ ပမာဏဖြစ်တယ်လို့ သြစတြေးလျနယ်ခြားစောင့်ရဲတပ်ဖွဲ့ရဲ့ ခရိုင်ရဲမှူး ခရိတ်ပမ်းမလားက ပြောပါတယ်။ အခုလောက်ကြီးမားတဲ့ ရာဇဝတ်မှုကြီးကို ကျူးလွန်သူတွေဟာ လက်ရဲဇက်ရဲနိုင်လွန်းသူတွေ ဖြစ်တယ်လို့လည်း သူကပြောပါတယ်။

ဗီဒီယို ပုံစာ, အမေ့ကို မူးယစ်ဆေးသမားရဲ့ အမေ မဖြစ်စေချင်ဘူး

ဒီဆေးပြားတွေသာ မမိဘဲ လူတွေလက်ထဲ ရောက်သွားရင် သြစတြေးလျလူမှုအသိုင်းအဝိုင်းအတွက် ကြီးမားတဲ့ ဆိုးကျိုးကြီးတွေ ဖြစ်သွားစေလိမ့်မယ်လို့ ဖက်ဒရယ်ရဲတပ်ဖွဲ့က ပြောပါတယ်။ ကျူးလွန်သူတွေကို ဖော်ထုတ်ဖမ်းဆီးရာမှာ ပူးပေါင်းကူညီကြဖို့လည်း ရဲက လူထုကို မေတ္တာရပ်ခံထားပါတယ်။

သြစတြေးလျရင်ဆိုင်နေရတဲ့ ice ပြဿနာice ဆေးပြားဟာ အငွေ့အဖြစ်ရှုလို့ရ၊ သောက်လို့ရ၊ အရည်ဖျော်ပြီး အကြောထဲထိုးလို့ရပြီး မူးယစ်ဆေးသုံးသူတွေကြားမှာ အများဆုံးသုံးတတ်ကြတဲ့ ဆေးပြားမျိုး ဖြစ်လာခဲ့တဲ့အတွက် ဒီဆေးပြားကို ၂၀၁၅ ခုနှစ်က စပြီး ရဲတပ်ဖွဲ့က အထူးတပ်ဖွဲ့ဖွဲ့စည်းလို့ ဂရုစိုက် ကိုင်တွယ်တိုက်ဖျက်တာတွေ လုပ်လာခဲ့ပါတယ်။

မက်သာဖီတမင်းဆေးပြားဟာ မူးယစ်ဆေးတွေထဲမှာ လူထုကြားအပြန့်နှံ့ဆုံးနဲ့ အသုံးအများဆုံးဖြစ်လာတော့ သြစတြေးလျလူမှုအသိုင်းအဝိုင်းအတွက် အန္တရာယ် အကြီးဆုံး ပေးနိုင်တဲ့ မူးယစ်ဆေးတစ်မျိုး အဖြစ် သြစတြေးလျ ရာဇဝတ်မှုကော်မရှင်ကလည်း သတ်မှတ်ထားပါတယ်။

အစိုးရရဲ့ စာရင်းဇယားတွေအရလည်း သြစတြေးလျရဲ့ ဒုတိယလူဦးရေအများဆုံး ပြည်နယ်ဖြစ်တဲ့ ဗစ်တိုးရီးယားပြည်နယ်မှာ တစ်နှစ်ကို မက်သာဖီတမင်းဆေးပြား နှစ်တန်ကျော်သုံးစွဲနေတယ်လို့ သိရပါတယ်။ တစ်ခါ သြစတြေးလျမှာ မက်သာဖီတမင်းဆေးပြားရဲ့ စျေးကလည်း ကမ္ဘာမှာ အမြင့်ဆုံးတွေထဲမှာ ပါတဲ့အတွက် ဒုစရိုက်ဂိုဏ်းတွေက ဒီဆေးပြားကို မှောင်ခိုရောင်းဝယ်ကုန်ကူးမှုတွေ တိုးပြီးလုပ်လာနေတယ်လို့ ရာဇဝတ်မှုကော်မရှင်က ဆိုပါတယ်။