ကိုဆွေဝင်းကို ၆၆ (ဃ)နဲ့ တရားစွဲဆိုမှု မဟာအောင်မြေ တရားရုံး ပလပ်

မြန်မာနောင်း သတင်းဌာန အယ်ဒီတာချုပ် ကိုဆွေဝင်း ရင်ဆိုင်နေရတဲ့ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ)နဲ့ စွဲဆိုခံထားရတဲ့ အမှုမှာ စွဲဆိုထားတဲ့ ပုဒ်မတွေနဲ့ ငြိစွန်းမှု မရှိဘူးဆိုပြီး မဟာအောင်မြေ တရားရုံးက ဒီကနေ့ ဇူလိုင် ၂ ရက် တရားခွင်မှာ အမှုကို ပယ်ချလိုက်ပါတယ်။
ရုံးချိန်းပေါင်း ၇၀ ကျော် ချိန်းဆိုပြီး ဒီနေ့ ၇၁ ကြိမ်မြောက် ရုံးချိန်းမှာတော့ မဟာအောင်မြေ တရားရုံးက တရားစွဲဆိုမှုအပေါ် ပလပ်ခဲ့တာဖြစ်ပါတယ်။
"အမှုမှာ ကိုယ်စားပြုပြီး တိုင်ကြားခဲ့တဲ့ တရားလို သက်သေ ကိုယ်တိုင်က တရားရုံး ဆင့်ခေါ်တာကို မလာခဲ့သလို စောင့်ဆိုင်းပေးဖို့ အချိန်ကာလသတ်မှတ်ချက်ကိုလည်း တိတိပပ မပေးခဲ့တဲ့အတွက် အမှုက ကြောင်းကျိုး မညီညွတ်တာကြောင့် စွဲချက်မတင်ဘဲနဲ့ အပြီးတိုင် လွှတ်ပေးခဲ့တာ"လို့ ကိုဆွေဝင်းက ဘီဘီစီကို ပြောပါတယ်။
တရားလိုဘက်က ဥပဒေအရာရှိက တရားလိုဘက်ကို ဆက်လက်စောင့်ဆိုင်းပေးဖို့ တင်ပြပေမယ့် တရားသူကြီးက ပယ်ချခဲ့တာဖြစ်ပါတယ်။
ကိုဆွေဝင်းကို ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ)နဲ့ အမှု ဖွင့်ရတာဟာ အမျိုးဘာသာ သာသနာ ဆိုင်ရာ လှုပ်ရှားမှုတွေလုပ်တဲ့ မန္တလေး မစိုးရိမ် တိုက်သစ် ဆရာတော် ဦးဝီရသူ ဟာ ရဟန်းသံဃာ အဖြစ် ပြန် မရောက် နိုင်တော့တဲ့ ပါရာဇိကကံ ကျပြီး ဖြစ်သူလို့ စွပ်စွဲ ရေးသား ခဲ့တဲ့ အတွက် ဖြစ်တယ်လို့ အမှုဖွင့် တိုင်ကြားသူက အမှုဖွင့်စဉ်က ဘီဘီစီကို ပြောခဲ့ပါတယ်။
အခုအမှုမှာ ကိုဆွေဝင်းကို မြန်မာပြည် ဝံသာနုအားမန် အဖွဲ့ ဦးဆောင်သူ ဦးကျော်မျိုးရွှေက ၂၀၁၇ မတ်လမှာ အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။
ကိုဆွေဝင်းက " ကျွန်တော်တို့ ရေးသားနေတဲ့ အကြောင်းအရာတွေက ပြည်သူလူထုကို မသိစေချင်တဲ့ အကြောင်းအရာတွေကို ရေးသားနေတာကိုး ။ ရေးသားခံရသူတွေ အဓမ္မမဲ့ ပြုကျင့်သူတွေကတော့ ကျေနပ်မှု မရှိတဲ့အခါကျ တနည်းနည်းနဲ့ တရားစွဲမယ်ဆို ဒီ ၆၆(ဃ)က အလွယ်ဆုံးလေ " လို့ဆိုပါတယ်။
ဆက်သွယ်ရေး ဥပဒေ ၆၆(ဃ) ကိုစတင်အတည်ပြုခဲ့တဲ့ ၂၀၁၃ အောက်တိုဘာလကနေ ဇွန်လ ၂၀ ရက်နေ့ထိ ကို ဒီပုဒ်မ ကိုအသုံးပြုပြီး စွဲဆိုထားတာဟာ အမှုပေါင်း ၂၀၀ အထိရှိလာပြီလို့ အသံ အဖွဲ့က ထုတ်ပြန် ထားတဲ့ စစ်တမ်းအရ သိရပါတယ်။
အမှုပေါင်း ၂၀၀ ရဲ့ တရားစွဲဆိုသူတွေထဲမှာ အစိုးရ၊တပ်မတော်၊လွှတ်တော်ကိုယ်စားလှယ်နဲ့ စီးပွားရေး သမားတွေကအများဆုံးဖြစ်တယ်လို့လည်း စစ်တမ်းအရသိရပါတယ်။
၆၆ (ဃ)နဲ့ စွဲဆိုထားတဲ့အမှုပေါင်း ၂၀၀ကြောင့် တရားဆိုင်ရသူတွေ၂၄၆ ဦးအထိရှိလာပြီး ဒီထဲမှာ သာမန် ပြည်သူတွေပါသလို သတင်းမီဒီယာသမားတွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေနဲ့ လူ့အခွင့်အရေး ဆောင်ရွက်သူတွေလည်းပါဝင်နေပါတယ်။












