ချစ်ပ်ပြားတွေ ပွားယူပြီး အိုင်ဖုန်း လျှို့ဝှက်ကုတ်ကို ဖော်နိုင်

ဓာတ်ပုံ ရင်းမြစ်, Getty
ဒေါ်လာ ၁၀၀ လောက်သာ ကုန်ကျမယ့် အီလက်ထရောနစ် အစိတ်အပိုင်းတွေကို သုံးပြီး အိုင်ဖုန်းတွေရဲ့ လျှို့ဝှက် ကုတ်ဂဏန်းကို ဖော်နိုင်တယ်လို့ လေ့လာချက် တစ်ခုက ပြောပါတယ်။
ကိန်းဘရစ်ချ် တက္ကသိုလ်က ပညာရှင် တစ်ယောက်က အဲဒီနည်းနဲ့ အိုင်ဖုန်းရဲ့ ချစ်ပ်ပြားတွေကို ပွားယူခဲ့ပါတယ်။ ပွားထားတဲ့ ချစ်ပ်ပြားတွေက အိုင်ဖုန်းရဲ့ လျှို့ဝှက် ကုတ်ဂဏန်းကို ဖော်ဖို့ အကြိမ်ရေ အကန့်အသတ်မရှိ ကြိုးစားခွင့် ရစေပါတယ်။
ဒီနည်းက အခုနှစ် အစောပိုင်းမှာ သေနတ်သမား တစ်ယောက်ရဲ့ အိုင်ဖုန်း မှတ်ဉာဏ်ထဲကို ချိုးဖောက် ဝင်ရောက်ဖို့ ကြိုးစားခဲ့တဲ့ အက်ဖ်ဘီအိုင် ထောက်လှမ်းရေး အဖွဲ့ရဲ့ ပြောဆိုချက်နဲ့ ကွဲလွဲ နေပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာက ကာလီဖိုးနီးယားမှာ သေနတ်သမား Syed Rizwan Farook တို့ လင်မယား နှစ်ယောက်က ပစ်ခတ် တိုက်ခိုက်ခဲ့တဲ့ အတွက် လူ ၁၄ ယောက် သေဆုံး ခဲ့ပြီး၊ အဲဒီ သေနတ်သမား Farook ရဲ့ အိုင်ဖုန်း မှတ်ဉာဏ်ထဲကို ချိုးဖောက် ဝင်ရောက်ဖို့ အက်ဖ်ဘီအိုင်က ကြိုးစားရာမှာ မအောင်မြင်ခဲ့ပါဘူး။
အဲဒီနောက် အက်ဖ်ဘီအိုင်က အက်ပဲလ် ကုမ္ပဏီကို တောင်းဆိုရာမှာ အက်ပဲလ် ကလည်း ငြင်းဆန် ခဲ့ပါတယ်။ နောက်တော့ အဲဒီ အိုင်ဖုန်း လျှို့ဝှက်ကုတ်ကို ချိုးဖောက်ဖို့ လုံခြုံရေး ကုမ္ပဏီ တစ်ခုကို ဒေါ်လာ တစ်သန်း ပေးခဲ့ရတယ်လို့ သတင်းတွေက ဆိုပါတယ်။
အခုတော့ ကိန်းဘရစ်ချ် တက္ကသိုလ်က ဒေါက်တာ Sergei Skorobogatov က အိုင်ဖုန်း ၅စီ ရဲ့ မှတ်ဉာဏ် ချစ်ပ်ပြားကို ဘယ်လို ခွာထုတ်ပြီး ဘယ်လို ပွားယူသလဲ ဆိုတာကို ယူတျုမှာ ဗီဒီယို တင်ခဲ့ပါတယ်။ ချစ်ပ်ပြားတွေကို လိုသလောက် ပွားယူပြီး လျှို့ဝှက်ကုတ်ကို ဖော်နိုင်တဲ့အထိ အကြိမ်ရေ အကန့်အသတ်မရှိ ပြုလုပ်သွားနိုင်တာကို သူ့ ဗီဒီယိုမှာ ပြသခဲ့ပါတယ်။








