တရုတ်နိုင်ငံမှာ HIV/AIDS ဖြစ်သူ ၁၄ ရာခိုင်နှုန်း တိုးလာ

တရုတ်

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ရောဂါဖြစ်ပွားနှုန်းဟာ ပြီးခဲ့တဲ့နှစ်ကထက် လူဦးရေ တသိန်းလောက်အထိ တိုးလာ
ရေးသားခဲ့သည်။

တရုတ်နိုင်ငံမှာ ခုခံအား ကျဆင်းမှု ရောဂါ ဖြစ်ပွားနေသူ ရှစ်သိန်း နှစ်သောင်းကျော် ရှိနေပြီး ၂၀၁၈ နှစ်ဝက် အတွင်း မှာတင် နောက်ထပ် လူလေးသောင်းမှာ ဒီရောဂါ ဖြစ်နေကြောင်း တွေ့ရတယ်လို့ ဆိုပါတယ်။

အခုလို ရောဂါဖြစ်ပွားနှုန်းဟာ ပြီးခဲ့တဲ့ နှစ်ကထက် လူဦးရေ တသိန်းလောက် အထိ တိုးလာတာလည်း ဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ မူလက သွေးသွင်းရာကနေ HIV/AIDS ကူးတာများပေမယ့် နောက်ပိုင်းမှာ လိင်ဆက်ဆံရာက တဆင့် ကူးတာ များလာတာ ဖြစ်ပါတယ်။

အခုလို သွေးသွင်းရာကနေ ဒီရောဂါကူးမှုနှုန်းဟာ မရှိသလောက်အထိ ဖြစ်သွားတယ်လို့လည်း ယူနန်ပြည်နယ်မှာ ပြုလုပ်တဲ့ HIV/AIDS ဆိုင်ရာ အစည်းအဝေးတခုမှာ တရုတ် အစိုးရ ကျန်းမာရေး အရာရှိတွေက ပြောဆိုထားပါတယ်။

တရုတ်

ဓာတ်ပုံ ရင်းမြစ်, Science Photo Library

ဓာတ်ပုံ ပုံစာ, သွေးသွင်းရာကနေ ဒီရောဂါကူးမှုနှုန်းဟာ မရှိသလောက်အထိ ဖြစ်သွား

အခုလို လိင်ဆက်ဆံရာကတဆင့် ဒီရောဂါကူးမှုဟာ ဆန့်ကျင်ဘက် လိင်နဲ့ သီးသန့် မဟုတ်ပဲ လိင်တူချစ်သူ၊ လိင်တူ လိင်ကွဲချစ်သူနဲ့ လိင်ပြောင်းသူတွေရဲ့ အသိုင်းအဝိုင်း LGBT အတွင်းမှာ များပြား နေတယ်လို့ ဆိုပါတယ်။

တရုတ် နိုင်ငံမှာ လိင်တူ နှစ်သက်မှုကို ၁၉၉၇ ခုနှစ် ကတည်းက တရားဝင် သတ်မှတ်ထားပေမယ့် ခွဲခြား ဆက်ဆံ ခံရ တာတွေ ရှိနေပါသေးတယ်။

တရုတ် လူမှုအသိုင်းအဝိုင်း အတွင်းက ရှေးရိုးစွဲ တန်ဖိုးထားမှုတွေရဲ့ ဖိအားကြောင့် လိင်တူ ဆက်ဆံတဲ့ တရုတ် အမျိုးသား ၇၀ ကနေ ၉၀ ရာခိုင်နှုန်း နီးပါးဟာ နောက်ပိုင်းမှာ အမျိုးသမီးနဲ့ လက်ထပ်သွားရတာတွေ ရှိနေတယ်ဆိုတဲ့ သုတေသ နတွေလည်း ရှိနေတာ ဖြစ်ပါတယ်။

ဒါပေမယ့် အခုလို LGBT အသိုင်းအဝိုင်း အတွင်းမှာလည်း လိင်ဆက်ဆံမှုမှာ ရောဂါမပျံ့အောင် အကာအကွယ်သုံးမှု အားနည်း နေသေးတဲ့ အတွက်လည်း အများစုမှာ ကူးစက် ခံရတာလို့ ဆိုပါတယ်။

တရုတ် နိုင်ငံဟာ ၂၀ဝ၃ ခုနှစ်က စပြီး ခုခံအား ကျဆင်းမှု ရောဂါရှိသူတိုင်းကို အခမဲ့ ဆေးဝါး ထောက်ပံ့ရေး လုပ်မယ်လို့ ကြေညာထားပါတယ်။