အထူးခြိမ်းခြောက်နိုင်တဲ့ အနေအထား မြောက်ကိုရီးယား ရှိနေဆဲလို့ ထရမ့်ပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြောက်ကိုရီးယားဟာ သူ့ရဲ့ နျူကလီးယား လက်နက်တွေက တဆင့် ခြိမ်းခြောက်နိုင်တဲ့ အနေအထားမျိုး အခုထိ ရှိနေဆဲဖြစ်တယ်လို့ အမေရိကန် သမ္မတ ထရမ့်က ပြောပါတယ်။ မြောက်ကိုရီးယားနဲ့ အမေရိကန် နှစ်ဘက် ထိပ်သီးအစည်းအဝေး ကျင်းပခဲ့ပြီး ၁ဝ ရက်အကြာမှာ အခုလို မှတ်ချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။
စင်္ကာပူ မှာလုပ်ခဲ့တဲ့ အစည်းအဝေးအပြီးနောက်တရက် ဇွန်လ ၁၃ ရက်ကပဲ မြောက်ကိုရီးယားရဲ့ နျူကလီးယားခြိမ်းခြောက်မှုတွေက ထပ်ရှိတော့မှာ မဟုတ်ဘူးလို့ ထရမ့်က သူ့ရဲ့ တွစ်တာ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားခဲ့ဖူးတာပါ။
ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီးနောက် အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှု အစီအစဉ်တွေကိုလည်း ဖျက်သိမ်းခဲ့ပါတယ်။
အဲဒီတုန်းကတော့ သမ္မတ ထရမ့်ရဲ့ မစ္စတာကင်အပေါ် လိုက်လျောမှုတွေအပေါ် အံ့အားသင့်မှုတွေလည်း ရှိခဲ့တာပါ။
ဘာကြောင့်ထရမ့်ဒီလိုပြောသလဲ

ဓာတ်ပုံ ရင်းမြစ်, JIM LO SCALZO
အမေရိကန် သမ္မတထရမ့်ဟာ သက်ဆိုင်တဲ့ မြောက်ကိုရီးယားအပေါ် ၂၀၀၈ ကတည်းက ချမှတ်ထားတဲ့ အမျိုးသား လုံခြုံရေးဆိုင်ရာ အရေးပေါ်အခြေအနေအပေါ် မူတည်ချမှတ်တဲ့ ပိတ်ဆို့ အရေးယူမှုတွေ သက်တမ်း တိုးမှုနဲ့ သက်ဆိုင်တဲ့ ဆုံးဖြတ်ချက်ကို သောကြာနေ့က ချမှတ်ခဲ့ပါတယ်။
ဒီလို သက်တမ်းတိုး လိုက်တာကြောင့် အရေးပေါ် အမျိုးသားလုံခြုံရေး အခြေအနေအရ မြောက်ကိုရီးယားအပေါ် အမေရိကန်က ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုဟာ လာမယ့် ၂ဝ၁၉ ခုနှစ်အထိ ဆက်ရှိနေဦးမှာ ဖြစ်ပါတယ်။
၂၀၀၈ ကတည်းက စတင်ခဲ့တဲ့ အမျိုးသား အရေးပေါ် လုံခြုံရေးဆိုင်ရာ ဆုံးဖြတ်ချက် ချမှတ်တဲ့ အဲဒီအစည်းအဝေးမှာ ထရမ့်အနေနဲ့ ပိတ်ဆို့အရေးယူမှု အသစ်တွေ ချမှတ်မှုတွေလည်း လုပ်ရိုးလုပ်စဉ်အရ လုပ်ခဲ့ရတာပါ။
သမ္မတ သက်တမ်း ၃ ကြိမ်အတွင်း အဲဒီ အရေးယူမှုတွေ ပုံမှန်လုပ်လာခဲ့တဲ့ ကိစ္စရပ်တွေဖြစ်ပါတယ်။
စွန့်စားရမှုတွေနဲ့ ပေါများလှတဲ့ နျူကလီးယားလက်နက် အစိတ်အပိုင်းတွေဟာ ကိုရီးယား ကျွန်းဆွယ်မှာ ရှိနေဆဲဖြစ်ပါတယ်လို့ ထရမ့်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
၂ဝဝ၈ ခုနှစ်ကတည်းက စတင်ခဲ့တဲ့ အဲဒီအရေးပေါ် အမျိုးလုံခြုံရေးဆိုင်ရာ ပိတ်ဆို့ အရေးယူမှုအတွက် ဆုံးဖြတ်ချက် ချမှတ်ခွင့်ဟာ သမ္မတမှာ ရှိနေတာ ဖြစ်ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပေယိုကတော့ မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်တွေ မဖျက်သိမ်းမချင်း ပိတ်ဆို့ အရေးယူမှုတွေ ဆက်ရှိနေမှာဖြစ်ပြီး ပိတ်ဆို့အရေးယူမှုဟာ ဆွေးနွေးပွဲမှာ ညှိနှိုင်းမှုအတွက် အခြေခံကျတဲ့ ဆုပ်ကိုင်ထားမှုလည်း ဖြစ်တယ်လို့ ပြောပါတယ်။












