ဖန်နီ ဆိုင်ကလုန်းအန္တရာယ်ကနေ လူတွေ သန်းနဲ့ချီ ကယ်ထုတ်နိုင်ခဲ့

ဖန်နီ၊ ဆိုင်ကလုန်း၊ အိန္ဒိယ၊ ကယ်ဆယ်ရေး

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ဘေးကင်းရာကို လူတွေ အချိန်မီ ရွှေ့နိုင်ခဲ့တဲ့အတွက် သေဆုံးသူ နည်း
ရေးသားခဲ့သည်။

ဖန်နီဆိုင်ကလုန်း အန္တရာယ်ကနေ လူ တစ်သန်းကျော်ကို ဘေးကင်းရာ ကယ်ထုတ်ပေးနိုင်ခဲ့တာကို အောင်မြင်မှုတစ်ခုအဖြစ် အိန္ဒိယ အစိုးရက ကြိုဆိုလိုက်ပါတယ်။

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း သြရိသပြည်နယ်မှာ သောကြာနေ့က ဖန်နီ ဆိုင်ကလုန်း ဝင်တိုက်ခတ်ခဲ့စဉ်အတွင်း လူ ၈ ဦးကနေ ၁၂ ဦးအကြား သေဆုံးခဲ့ပါတယ်။

လူတွေကို ဘေးကင်းရာ မရွှေ့ပေးခဲ့ရင် အသေအပျောက် ဒါ့ထက် အများကြီး ပိုများနိုင်တယ်လို့ အစိုးရ တာဝန်ရှိပုဂ္ဂိုလ်တွေက ပြောပါတယ်။

အားပျော့သွားပြီ ဖြစ်တဲ့ ဆိုင်ကလုန်း မုန်တိုင်းဟာ အိန္ဒိယနိုင်ငံကနေ နယ်စပ်ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ စနေနေ့က ဝင်ရောက်သွားခဲ့ရာမှာလည်း လူ တစ်သန်းကျော်ကို ဘေးကင်းရာ ကယ်ထုတ်ထားခဲ့ရပါတယ်။

ဗီဒီယို ပုံစာ, နှစ် ၄ဝ အတွင်း အားအကောင်းဆုံး မုန်တိုင်း အိန္ဒိယမှာ တိုက်ခတ်

လတ်တလောနှစ်ပိုင်းတွေအတွင်း အဲဒီဒေသမှာ အဆိုးဝါးဆုံး မုန်တိုင်းတွေထဲက တစ်ခုဖြစ်တဲ့ ဖန်နီ ဆိုင်ကလုန်းကြောင့် အိန္ဒိယနိုင်ငံ အရှေ့ပိုင်းမှာ အကြီးအကျယ် ထိခိုက်ပျက်စီးသွားခဲ့ရပါတယ်။ သြရိသပြည်နယ်မှာ လူ ဆယ်ဂဏန်းကျော်လောက် သေဆုံးခဲ့ပါတယ်။

မုန်တိုင်းအန္တရာယ်ကနေ လူတွေကို ဘေးလွတ်ရာ ကယ်ထုတ်ပေးဖို့ ကြိုးပမ်းဆောင်ရွက်ခဲ့မှုတွေကို သြရိသ ပြည်နယ် ရဲချုပ် အာရွန် ဘိုသရာ က ချီးကျူး ပြောဆိုလိုက်ပါတယ်။

သြရိသပြည်နယ်မှာ ထိခိုက်ပျက်စီးမှုတွေ အကြီးအကျယ် ရှိခဲ့ပါတယ်။ ဒါပေမဲ့ ကံကောင်းထောက်မစွာနဲ့ပဲ မုန်တိုင်း ရွေ့လျားမှု အခြေအနေကို အဆက်မပြတ် ခန့်မှန်းပြီး သတင်းပေးနေတဲ့သူတွေကြောင့် အစိုးရအနေနဲ့ လူ တစ်သန်း နှစ်သိန်းကို ဘေးကင်းရာ ပြောင်းရွှေ့ပေးနိုင်ခဲ့ပါတယ်လို့ သူက ဘီဘီစီကို ပြောပြပါတယ်။

လူတွေကို ဘေးကင်းရာ ရွှေ့ပြောင်းရေး ဆောင်ရွက်မှုဟာ အကြီးအကျယ် အောင်မြင်ခဲ့ပြီး ထိခိုက်သေဆုံးသူ အရေအတွက်ဟာ အရမ်း အရမ်း နည်းပါးခဲ့တယ်လို့ သူက ဆိုပါတယ်။

နောက်တစ်ဆင့် ဖြစ်တဲ့ လူတွေကို နေရပ် ပြန်ပို့ဆောင်ရေး လုပ်ငန်းတွေကို စဆောင်ရွက်နေပြီ ဖြစ်ပြီး လေး ငါးရက်လောက် ဆက်လုပ်သွားဖို့ ရှိကြောင်းနဲ့ အဲဒီနောက်မှာတော့ ထိခိုက်ပျက်စီးခဲ့တဲ့ အဆောက်အအုံတွေ ပြန်လည် တည်ဆောက်ရေးကို စတင် ဆောင်ရွက်မှာ ဖြစ်ကြောင်း မစ္စတာ ဘိုသရာ ကပြောပါတယ်။

ဖန်နီ၊ ဆိုင်ကလုန်း၊ အိန္ဒိယ၊ ကယ်ဆယ်ရေး

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, အိန္ဒိယနိုင်ငံ ပူရီခရိုင်မှာ ဖန်နီဆိုင်ကလုန်း တိုက်ခတ်သွားစဉ်

စနေနေ့ ဒေသစံတော်ချိန် မနက် ၈ နာရီခွဲမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို မုန်တိုင်း ရောက်ရှိသွားခဲ့ပြီး လေပြင်းတိုက်ခတ်မှုနှုန်း တစ်နာရီကို ၄၃ နာရီမိုင်နှုန်းအထိ အားလျော့သွားခဲ့ပါတယ်။ အခုအခါ အားကောင်းတဲ့ မုန်တိုင်းငယ်အဆင့်ကို ပြောင်းလဲ သတ်မှတ်ထားလိုက်ပြီ ဖြစ်ပါတယ်။

ဖန်နီ ဆိုင်ကလုန်း အထွတ်အထိပ် ရောက်နေချိန်တုန်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး လေပြင်းတိုက်ခတ်နှုန်းက တစ်နာရီကို ၁၂၅ မိုင်နှုန်း ရှိခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်းပေါ်က ရွာအတော်များများ ရေလွှမ်းသွားခဲ့တယ်လို့ အစိုးရ တာဝန်ရှိပုဂ္ဂိုလ်တွေက ပြောပါတယ်။

မုန်တိုင်းဒဏ်ကြောင့် နိုခါလီ ခရိုင်မှာ အိမ်အများအပြား ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။ အဲဒီမှာ နှစ်နှစ်အရွယ် ကလေးငယ်တဦး သေဆုံးခဲ့ပြီး လူ ၃၀ လောက် ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံ အစိုးရတာဝန်ရှိသူတစ်ဦးက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။